တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်နှင့် လိုင်စင်မဲ့မော်တော်ယာဉ် ဖမ်းဆီးရမိ 

 

နေပြည်တော်၊ ဇွန် ၂၀

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အ‌ကောက်ခွန်ဦးစီးဌာန၏ စီမံခန်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇွန် ၁၈ ရက်တွင် ရန်ကုန်- မြဝတီ လမ်းမကြီး မိုင်တိုင်အမှတ်(၉၇/၀)မိုင်၊ ရှောင်ကွင်းလမ်းထိပ်တွင် Honda Fit GD1 အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ် (၁) စီး၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀) ကို လည်းကောင်း၊ ဇွန် ၂၀ ရက်တွင် မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် ခရီးသည်တင် မှန်လုံယာဉ် (၁) စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်း မရှိသည့် Yo Good တံဆိပ် အချိုရည် ဖာ (၁၅၀) (ခန့််မှန်းတန်ဖိုး ငွေကျပ် ၂,၂၅၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၂၅၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

mdn

 

အလားတူ ဇွန် ၁၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် (၁၆) မိုင် ကျောက်ချောစစ်ဆေး‌ရေးစခန်း၌ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေး - ပြင်ဦးလွင် ကားလမ်း၊ မိုင်တိုင်အမှတ် (၁၆)  မိုင် (၂) ဖာလုံခန့်တွင် အကောက်ခွန်မဲ့ Vetrue တံဆိပ် တရုတ်နိုင်ငံထုတ်မုန့် ဖာ (၂၅၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၀၀,၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် ဇွန် ၂၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် ပြည်ခရိုင်တို့အတွင်း တရားမဝင်သစ်မျိုးစုံ (၆၅ ဒသမ ၄၁၅၀) တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁,၉၆၁,၆၄၄) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍  ဇွန် ၁၈ ရက်၊ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ( ၇ ) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁,၇၁၁,၆၄၄ ) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။  

သတင်းစဉ်