တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာ ၁

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၈၃၈,၀၀၀) ကိုလည်းကောင်း၊ မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ) ကုန်သေတ္တာစစ်ဆေးရေး စခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသည့် ကလေးကျောပိုးအိတ် (၃,၂၀၀) လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၂၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၀၃၈,၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

 

အလားတူ နိုဝင်ဘာ ၃၀ ရက်တွင် ကရင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သံလွင်တံတား (ဘားအံ) စုပေါင်းစစ်‌ဆေးရေးဂိတ်၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့်  မော်တော်ယာဉ်တစ်စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၆၈,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်‌ဆောင်လာသည့် Toyota  Hiace အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀) ကို လည်းကောင်း၊ ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်‌ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့်  မော်တော်ယာဉ် တစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ဟင်းချက်ဒယ်နီအိုး အလုံး (၆၀) (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂,၁၀၀,၀၀၀) ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၆၆၈,၀၀၀) ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် ရှမ်းပြည်နယ်၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ် တစ်စီးပေါ်၌ တရားဝင်တင်သွင်းခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅,၇၀၀,၅၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့်  မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀,၇၀၀,၅၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

 

ထို့အတူ ဒီဇင်ဘာ ၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသည့် အမျိုးသမီးစီး ကြိုးသိုင်းဖိနပ်များ၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၆,၃၈၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ‌ ဆောင်ရွက်လျက်ရှိသည်။

 

၎င်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် ညောင်လေးပင်ခရိုင်များအတွင်း တရားမဝင်သစ်မျိုးစုံ (၅ ဒသမ ၂၇၁၈) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၁၀၁,၄၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ နိုဝင်ဘာ  ၂၉ ရက်၊ ၃၀ ရက်နှင့် ဒီဇင်ဘာ ၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်း မှာ အမှုတွဲ(၁၂ ) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်  ၂၅၇,၈၈၇,၉၀၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

 

သတင်းစဉ်