တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ စက်မှုကုန်ကြမ်းပစ္စည်းများ၊ ရေနံထွက် ပစ္စည်းများနှင့်  မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်၊ ဧပြီ ၁၁

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိရာတွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဧပြီ ၈ ရက်တွင် မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ် တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသော အထည်အလိပ်များ ကီလိုဂရမ် (၂၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၀၆၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော Hino 500-series Truckတစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၀၀၀,၀၀၀) ကို လည်းကောင်း၊ ဧပြီ ၉ ရက်တွင် မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် Lipovitan-D (၂၃၀) ဖာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၄၅၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော Higer Express Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၉၄,၅၁၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဧပြီ ၈ ရက်တွင် မန္တလေး-မုံရွာ ကားလမ်းမပေါ်၌ တရားဝင်စာရွက်စာတမ်း တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ရေနံစိမ်း ဂါလန် (၁၃၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၄,၀၀၀,၀၀၀) နှင့် ကနီမြို့၊ ရေယာဉ်ဆိပ်ကမ်း၌ တရားဝင်စာရွက်စာတမ်း တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ဒီဇယ် (ချက်ဆီ) ဂါလန် (၆၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆,၀၇၀,၀၀၀) တို့ကို ရေနံနှင့်ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေအရ လည်းကောင်း၊ ဧပြီ ၁၀ ရက်တွင် စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာအတွင်း၌ တရားဝင်စာရွက်စာတမ်း တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် သစ်မျိုးစုံ (၀ ဒသမ ၄၉၈) တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၂၇,၆၅၀) ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀,၃၉၇,၆၅၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီ ၁၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာန အသီးသီးအလိုက် ဦးဆောင်သော ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင်ကျွန်းသစ် (၁၆ ဒသမ ၇၂၈) တန်၊ သစ်မာ (၁ ဒသမ ၉၆၇) တန် နှင့် အခြားသစ်မျိုးစုံ (၂ ဒသမ ၂၆၃) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၃၀၅,၆၄၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဧပြီ ၈ ရက်၊ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၉)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၂,၂၁၃,၂၉၆) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်