တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ကျောက်စိမ်းများ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၁၁

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၈ ရက်တွင် ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက မံစီမြို့နယ်၊ ဟန်ထက်ကျေးရွာအနီး၌ မော်တော်ယာဉ် (၈)စီးအား စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် ကျွန်းသစ်နှင့် ကျွန်းခွဲသား ဆိုဒ်စုံ (၃ ဒသမ ၇၁)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၂,၄၄၈,၆၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Noah (၁)စီး၊ Super Custom (၂)စီး၊ Nissan Elgrand (၂)စီး၊ Honda T-Yuant (၁)စီး၊ Honda Ariwave (၁)စီးနှင့် Mitsubishi Pajero (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၃,၄၄၈,၆၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဇူလိုင် ၉ ရက်တွင် တနင်္သာရီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က မြိတ်ကမ်းရိုးတန်းမြို့နယ်၊ ကမ်းနားလမ်း၊ မင်းဓမ္မ(၈)လမ်း၊ အင်းလေးကမ်းရပ်ကွက်၊ အင်းလေးမြိုင်စက်မှုဇုံရှိ ဂိုဒေါင်အား စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Meesook ထိုင်းနိုင်ငံထုတ်စားသုံးဆီ (၂၄၆၀)လီတာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၃၀၀,၀၀၀)ကိုလည်းကောင်း၊ Smart Fabric Softener (၂၄၀၀)ထုပ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀)ကိုလည်းကောင်း၊ Crown ဓါတ်မြေဩဇာ (၅၀၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂,၃၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထပ်မံ၍ ဇူလိုင် ၉ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က ဘားအံမြို့၊ ကမော့ကစင်ကျေးရွာအနီး၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသည့် Baby Cradle ကလေးပုခက် (၂၄၀)ခု (ခန့်မှန်းတန်ဖိုးငွေကျပ် 3,600,000)၊ Cold Room Panels (၅၀)ခု အပါအဝင်ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၈,၅၀၀,၀၀၀)၊ Outer Sole for Footwear (၂၈၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် 38,000,000)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် 51,020,000)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

ထို့အတူ ဇူလိုင် ၉ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက ဘုရားကြီးမြို့နယ်၊ Famous ဆီဆိုင်အနီး၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသော Koyote Brand New Car Tyre (၁၁၅)လုံး အပါအဝင် ကုန်ပစ္စည်း(၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၉၅၇,၅၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Nissan Diesel မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၉၅၇,၅၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဇူလိုင် ၉ ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က (၁၆)မိုင်ကျောက်ချော စစ်ဆေးရေးစခန်း၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေးမြို့မှ မူဆယ်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ စက္ကူဂျပ်ဖာအတွင်း ထည့်သွင်းသယ်ဆောင်လာပြီး တရားဝင်စာရွက်စာတမ်း အထောက် အထား တင်ပြနိုင်ခြင်း မရှိသည့် ပိတောက်ခွဲသား (၀ ဒသမ ၁၆၃)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Ad Station Wagon (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၂၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် ဇူလိုင် ၉ ရက်တွင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ (၁၀၅)မိုင်၊ မိုင်းယုကျေးရွာ၊ အိုရီယမ်တယ်တိုးဂိတ်အနီး၌ လားရှိုးမြို့မှ မူဆယ်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီး ပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ကျောက်စိမ်းဟု ယူဆရသော ကျောက်ဖြတ်စအတုံးအခဲ (၄၂၅)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇,၀၅၅,၀၀၀)ကိုလည်းကောင်း၊ မူဆယ်မြို့၊ မြို့‌ရှောင်လမ်း၊ ကားလေးကွင်းအနီး၌ စုပုံထားသော တရားမဝင် အကောက်ခွန်မဲ့ကုန်ပစ္စည်းများ ဖြစ်သည့် Lady Blouse (၂၀၀)ခု အပါအဝင် ကုန်ပစ္စည်း (၉)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၅၁,၉၅၀)ကိုလည်းကောင်း၊ မူဆယ်မြို့၊ မင်္ဂလာမူဆယ်အနီး လမ်းမကြီးဘေးတွင် စုပုံထားသော တရားမဝင် အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ ဖြစ်သည့် Electric Cooking Appliance (၅၀)ခု အပါအဝင် ကုန်ပစ္စည်း (၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၉၈၈,၃၀၀)နှင့် Ear Phone (၆၂၀)ခု အပါအဝင် ကုန်ပစ္စည်း(၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၈၉,၁၀၀)ကို လည်း ကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇,၁၈၄,၃၅၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ် ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဇူလိုင် ၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန် အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ မူဆယ်မြို့မှ လားရှိုး မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီး‌ပေါ်မှ OPPO A52 Brand New လက်ကိုင်ဖုန်း (၉၀)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ ဝန်စည်(၁)ခုအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြ နိုင်ခြင်း မရှိသည့် Diamond/Waist Size Microscope (၇)ခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၉၂၅,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၉၂၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇူလိုင် ၈ ရက်နှင့် (၉)ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၄)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၅,၀၈၅,၄၅၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင် ကော်မတီမှ သိရသည်။

သတင်းစဉ်