တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ဆက်သွယ်ရေးပစ္စည်းများ၊ စက်မှုကုန်ကြမ်းပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ  ၂၃
    
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ  ဖေဖော်ဝါရီ ၂၁ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကျိုင်းတုံမြို့နယ်၊ နောင်နွန်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တာချီလိတ်မြို့မှ ကျိုင်းတုံမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် မီးခံသေတ္တာ (၈) လုံး (ခန့်မှန်းတန်ဖိုးငွေကျပ်   ၄,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Daihatsu  Hijet  အမျိုးအစား မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 
    
အလားတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ၊ လိုင်စင်မဲ့ယာဉ်ဖမ်းဆီးရမိရေးအဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ‌ဆောင်ရွက်ခဲ့ရာ သာကေတမြို့နယ်နှင့် ဗဟန်းမြို့နယ်တို့အတွင်း Honda Fit အမျိုးအစား  လိုင်စင်မဲ့ မော်တော်ယာဉ်(၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၀၀၀,၀၀၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
    
ထို့အတူ နေပြည်တော်ကောင်စီနယ်မြေ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လယ်ဝေးမြို့နယ် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့နယ်၊ ကုန်းသာကျေးရွာအရှေ့တောင်ဘက်၊ ရေနီကြိုးဝိုင်း အတွင်း တရားမဝင် ကျွန်းသစ် (၄ ဒသမ ၄၆၆၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၅,၉၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ‌ဆောင်ရွက်လျက်ရှိသည်။
    
ထို့အပြင် ဖေဖော်ဝါရီ ၂၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တာဝန်ကျအကောက်ခွန်အဖွဲ့က ခရီးသည် ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Lenovo Walkie-Talkie (၁၀)လုံး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၀၀,၀၀၀)ကိုလည်းကောင်း၊ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ အကောက်ခွန်လှုပ်ရှားစစ်ဆေးရေးအဖွဲ့က ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက်ပိုမိုပါရှိလာသော အင်ဒိုနီးရှားနိုင်ငံထုတ် ABC Sweet Soy Sauce (၈,၀၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၈၃၂,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂,၈၃၂,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီးအကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
    
၎င်းအပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ ကုန်ပစ္စည်းများအား စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်လိုင်စင်တင်ပြနိုင်ခြင်းမရှိသည့် အိုင်ယာလန်နိုင်ငံထုတ် Kerry Biofine P 19 (၇၀၀)ကီလိုဂရမ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၉၉,၉၆၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 
    
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနအသီးသီးအလိုက် ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဖြူးချောင်းကြိုးဝိုင်းအတွင်း တရားမဝင် ပျဉ်းကတိုး သစ်ခွဲသား (၁၄ ဒသမ ၀၆၂၀)တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၀၃၁,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
    
အလားတူပင် ဖေဖော်ဝါရီ ၂၃ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး)စုပေါင်းစစ်ဆေးရေးစခန်း၌ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသော ထိုင်းနိုင်ငံထုတ် ဟင်းချက်ဒယ်နီအိုး(၈၅)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
    
သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ  ၂၁  ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၁) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၈,၉၉၈,၉၀၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင် ကော်မတီမှ သိရသည်။ 

(သတင်းစဉ်)