တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်၊ အောက်တိုဘာ ၁

 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၇ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မိုးကောင်းမြို့၊ မိုးကောင်း - မြစ်ကြီးနား ပြည်ထောင်စုကားလမ်းမကြီး၊ လမ်းဘေးတစ်နေရာ၌ ရပ်တန့်ထားသော လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖြစ်သည့် Toyota RAV 4 တစ်စီးနှင့် Nissan AD Van တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

mdn

 

 

ထို့အပြင် စက်တင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်နှင့် ညောင်လေးပင် ခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၁၂၀) တန်၊ သစ်မာ (၅.၈၂၂) တန်နှင့် အခြားသစ် (၁၃.၉၄၆) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၈၃၈,၂၆၆) ကို သစ်တောဥပဒေအရလည်းကောင်း၊ ဒိုက်ဦးမြို့နယ်၌ လိုင်စင်မဲ့ Nissan Vanette မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈,၅၀၀,၀၀၀) နှင့် ပဲခူးမြို့၊ ပုဏ္ဏားစု (၈) လမ်း၌ လိုင်စင်မဲ့ Hijet မော်တော်ယာဉ် နှစ်စီး ခန့်မှန်း တန်ဖိုး (၈,၀၀၀,၀၀၀) တို့ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ ဘုရားကြီးမြို့၊ ရွှေသံလွင် တိုးဂိတ်အနီး၌ မော်လမြိုင်မြို့မှ ပြည်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ပြန်လည်ပြုပြင်ထားသော ရေခဲသေတ္တာ (၁၄) လုံးနှင့် တီဗွီအလုံး (၂၀) အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၄၀၀,၀၀၀)၊ အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀) တို့ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန် ဖိုးငွေကျပ် ၄၈,၇၃၈,၂၆၆)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက် ရှိသည်။

 

mdn

 

 

ထို့အပြင် စက်တင်ဘာ ၂၈ ရက်တွင် ရှမ်းပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့၊ ဆင်ဖြူဂိတ်အကျော် လမ်းဘေးတစ်နေရာတွင် စုပုံထားသော အကောက်ခွန်မဲ့ပစ္စည်းများ ဖြစ်သည့် Hennessy VSOP ကော့ညက် (၂၀) ပုလင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

mdn

 

၎င်းအပြင် စက်တင်ဘာ ၂၈ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘားအံမြို့၊ ကမော့ကစင် ကျေးရွာအနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် ခရီးဆောင်အိတ် (၂၀၀) လုံး၊ Lipovitan–D အချိုရည် (၁၇၅၀၀) ပုလင်း၊ Lactasoy ပဲနို့ (၁၃၂၀၀) ဘူး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၁,၇၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ် ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ကလေးအဝတ်အထည် (၁၃၅၀) ထည် အပါအဝင် ကုန်ပစ္စည်း (၂) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၈၂၅,၀၀၀) ကိုလည်းကောင်း၊ မြဝတီကုန်သွယ်ရေးဇုန်၌ မော်တော်ယာဉ် တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် PVC Resin Powder (၅၀၀၀) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၃၀၀,၀၀၀) ကိုလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂,၈၂၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်လုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ စက်တင်ဘာ ၂၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန် အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း၊ နမ့်အွမ်ကျေးရွာအနီး ရှောင်ကွင်းလမ်းတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ Solar Water  Heater (၇) လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်လုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် စက်တင်ဘာ ၂၉ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မောင်တောမြို့နယ်၊ ကျီးကန်းပြင်ရွာ၌ လောင်းလှေ နှစ်စီးပေါ်သို့ တင်ဆောင်နေသော အကောက်ခွန်မဲ့ ကွမ်းသီးအိတ် (၈၉) အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၃၅၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ စက်တင်ဘာ ၂၇ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၉) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၇,၉၁၃,၂၆၆) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက် ဖျက်ရေး ဦးဆောင်ကော်မတီမှသိရသည်။

 

သတင်းစဉ်