တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ နိုဝင်ဘာ ၂၈

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့ နယ်အတွင်း တရားမဝင်သစ်မျိုးစုံ (၂ ဒသမ ၂၃၂၆)တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၆,၂၈၂ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် နိုဝင်ဘာ ၂၆ ရက်တွင် မွန်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်လမြိုင်မြို့၊ စျေးကြိုရပ်ကွက်၊ ရတနာထွန်းပွဲရုံတန်းများအတွင်း  တရား ဝင် တင်သွင်းခွင့် အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသုံးဆီ (၄၀,၀၈၆) လီတာ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၁,၀၀၃,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် မန္တလေးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်‌ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်‌ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေစာရံ - ပြင်စာ လမ်းပိုင်း၊ ကဗျူးရွာနှင့် သံတောင်ရွာကြား၌ မော်တော်ယာဉ်(၆)စီးပေါ်တွင် တရားဝင် တင်ပို့ခွင့် အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် နှမ်းဖြူ ကီလိုဂရမ်(၉၁,၅၀၀) ခန့်မှန်း တန်ဖိုးငွေကျပ် ၂၉၂,၈၀၀,၀၀၀ နှင့် အဆိုပါအကောက်ခွန်မဲ့ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် (၆) စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀,၀၀၀,၀၀၀ ၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၇၂,၈၀၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ နိုဝင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ကရင်ပြည်နယ်၊ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီ မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်(၂)စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသည့် ဟင်းချက်ဒယ်နီအိုး (၄၅)လုံး ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၇၅,၀၀၀ နှင့် တိရစ္ဆာန်အစာအိတ်(၅၀) ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၂၅၀,၀၀၀ ၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၈၂၅,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် နိုဝင်ဘာ ၂၈ ရက်တွင်  ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပုသိမ်- မုံရွာကားလမ်း၊ မိုင်တိုင်အမှတ် ၁၂၂/၂ အနီး၌ လိုင်စင်မဲ့ မော်တော်ယာဉ်(၂)စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၄၀၀,၀၀၀ ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကျောက်မဆင်ကြိုးဝိုင်းအတွင်း တရားမဝင် သစ်မျိုးစုံ (၄ ဒသမ ၁၈၂၂)တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၉,၅၇၈ ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်  ၃,၃၆၉,၅၇၈ ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ နိုဝင်ဘာ ၂၅ ရက်၊ ၂၆ ရက်၊ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၂၇)မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀,၁၅၃,၈၆၀  ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်