တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းမျိုးစုံ၊ လူသုံးကုန်ပစ္စည်း၊ လိုင်စင်မဲ့ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၆ ရက်တွင်  ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းရှိ အကောက်ခွန်ဦးစီးဌာနနှင့် တာဝန်ကျ ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် ရှောင်တခင် စစ်‌ဆေးခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် စားသောက်ကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၂၅၀,၀၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသော 1P/ 3145 (Mitsubishi Chariot) အမျိုးအစား မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၂၅၀,၀၀၀) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေးယူဆောင်ရွက် လျက်ရှိသည်။

 

ထို့အပြင် ဖေဖော်ဝါရီ ၁၇ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များမှ သတင်းအရ သွားရောက်စစ်ဆေးရာ  ကြံခင်းမြို့နယ်အတွင်း တရားမဝင် ပျဉ်းကတိုးခွဲသား (၂ ဒသမ ၂၆၄၄) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၂,၈၈၀)  ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပ‌ဒေဖြင့်အရေးယူ ဆောင်ရွက် လျက်ရှိသည်။

 

၎င်းအပြင် ဖေဖော်ဝါရီ ၁၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ရှောင်တခင်စစ်ဆေးခဲ့ရာ စစ်ကိုင်းမြို့နယ် အတွင်း YAN CC/ 3169 (NISSAN WINGROAD Y-12) အမျိုးအစား  လိုင်စင်မဲ့ မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)နှင့် ဟုမ္မလင်းမြို့နယ်အတွင်း KENBO-125 အမျိုးအစား လိုင်စင်မဲ့ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅,၁၀၀,၀၀၀)  ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိသည်။

 

အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များက သတင်းအရ သွားရောက်စစ်ဆေးရာ တောင်ငူ၊ ပြည်နှင့် သာယာဝတီခရိုင် သစ်တောကြိုးဝိုင်းများအတွင်း တရားမဝင် သစ်မျိုးစုံ (၁၀ ဒသမ ၅၄၆၈) တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၉၉,၁၈၀) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေဖြင့် အရေးယူ ဆောင်ရွက် လျက်ရှိသည်။

 

ထို့အပြင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် Samsaung Brand Microwave Oven (23 Liter) (၄၀)  (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၂၀,၀၀၀)နှင့် Samsaung Brand Microwave Oven (30 Liter) (၂၅) ခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၂၅၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၇၇၀,၀၀၀)  ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။          

 

၎င်းအပြင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းရှိ အကောက်ခွန်ဦးစီးဌာနနှင့် တာဝန်ကျ ပူးပေါင်း စစ်ဆေးရေးအဖွဲ့များမှ ရှောင်တခင်စစ်ဆေးခဲ့ရာ 5E-1379 (Nissan March  Hatch Back (4x2)RHD) အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၀၀,၀၀၀)  ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၁၆ ရက် ၊ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၁)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၆၇၂,၀၆၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင် ကော်မတီမှ သိရသည်။

(သတင်းစဉ်)