တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီ၊ လူသုံးကုန်ပစ္စည်း၊ မော်တော်ယာဉ်အပိုပစ္စည်း၊ ဓါတ်မြေသြဇာ၊ ဘိလပ်မြေ ၊ ခဲသတ္တုများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၁၅

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၉ ရက်မှ ၁၃ ရက်အတွင်း တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဋ္ဌ  ဦးဆောင်၍ ခရိုင်နှင့် မြို့နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကော့သောင်းမြို့နယ်နှင့် မြိတ်မြို့နယ်တို့အတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် ဓါတ်မြေသြဇာ (၈၀၃)အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄,၂၄၀,၀၀၀)နှင့် ဘိလပ်မြေ  (၃၂၅၇)အိတ် (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၂၆,၇၀၇,၄၀၀) ကို အကောက်ခွန် ဥပဒေဖြင့် လည်းကောင်း၊ မြိတ်မြို့နယ်အတွင်း တရားမဝင် ခဲသတ္တု (၉ ဒသမ ၅)တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၂,၁၉၀,၀၀၀)ကို မြန်မာ့ သတ္တုတွင်း ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၃,၁၃၇,၄၀၀) ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ဇွန် ၁၁ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပခုက္ကူမြို့နယ်အတွင်း တရားမဝင် စက်သုံးဆီဂါလန် (၂၆၀၀) ၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ‌ရေနံနှင့် ရေနံထွက် ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်‌ဆေးရေးစခန်း၌ တာဝန်ကျစစ်‌ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်တင်ယာဉ်(၁)စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ဖော့ဖိနပ်မျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၃၂,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူ‌ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇွန် ၁၃ ရက်တွင် တိုင်းဒေသကြီးအကောက်ခွန်ဦးစီးဌာန ဦးဆောင်သော စစ်‌ဆေးရေးအဖွဲ့က ကုန်တင်ယာဉ်(၁)စီးပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် မော်တော်ယာဉ်အပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၂၆၁,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင် လာသည့် Nissan Diesek အမျိုးအစား (၁၂)ဘီး ကုန်တင်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်ထုံးနည်းအရ လည်းကောင်း၊ ဇွန် ၁၅ ရက်တွင် သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က တောင်ငူခရိုင်နှင့် ပြည်ခရိုင်တို့ အတွင်း တရားမဝင် သစ်မျိုးစုံ (၅.၂၂၀၈)တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၈၇၀,၄၆၄)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်  ၄၃,၁၃၁,၄၆၄)ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

အလားတူ ဇွန် ၁၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေး‌ရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မုံရွာမြို့နယ်၊ စစ်ကိုင်းမြို့နယ်နှင့် ခန္တီးမြို့နယ်တို့အတွင်း လိုင်စင်မဲ့ မော်တော်ယာဉ်(၃)စီး၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁,၅၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ‌ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်တွေမြို့နယ်အတွင်း  တရားမဝင်သစ်မျိုးစုံ (၂ ဒသမ ၈၂၆၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၇,၈၆၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍  ဇွန် ၉ ရက်၊ ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက်၊ ၁၃ ရက်နှင့် ၁၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၈)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၄,၉၉၈,၇၂၆)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)