တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် မေ ၁၈

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၁၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၁) လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော ခံတွင်း ကုသမှုဆိုင်ရာ ပစ္စည်းများဖြစ်သည့် AJAX Dental Chair (၅)လုံး၊ Dental Suction Device (၂)ခု အပါအဝင် ကုန်ပစ္စည်း(၅)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၇,၄၉၅,၅၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် မေ ၁၇ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သံလွင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်(တရုတ်လှဘက်ခြမ်း)၌ အိန္ဒုမြို့မှ နေပြည်တော်သို့ သွားရောက်မည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Lipovitan-D အားဖြည့်အချိုရည်ပုလင်း(၃၂၇၅၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆,၂၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆,၂၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ မေ ၁၇ ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရတနာပုံတံတား(မန္တလေး)ပူးပေါင်းစစ်ဆေးရေးစခန်း၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ(၁၇၈၄)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၁၈၂,၅၀၀)နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Nissan Condor Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၀,၁၈၂,၅၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် မေ ၁၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မှော်ဘီမြို့နယ် လက်ပံတန်းကျေးရွာ၌ တရားမဝင်ကျွန်းသစ် (၁ ဒသမ ၈၂၀)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁,၆၀၁,၇၇၆)ကိုဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ မေ ၁၇ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် ပြည်ခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ်(၆ ဒသမ ၄၄၀)တန်၊ သစ်မာ(၇၁ ဒသမ ၆၂၅)တန်၊ အခြားသစ်(၉ ဒသမ ၁၆၅)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃,၁၄၄,၀၅၂)ကို သစ်တောဥပဒေအရလည်းကောင်း၊ ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ နဝဒေးတံတား စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Mitsubishi RVR မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆,၁၄၄,၀၅၂)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် မေ ၁၇ ရက်တွင် မွန်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်လမြိုင်မြို့နယ်၊ မော်လမြိုင်-ကျိုက်မရော-ဘားအံကားလမ်းအနီး၌ မော်တော်ယာဉ်(၁)စီး ပေါ်မှ တရားမဝင် အခြားသစ်(၃ ဒသမ ၇၈၉)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၄,၀၂၄)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Forland မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၀၀၀,၀၀၀)၊ စုစုပေါင်း(ခန်မှန်းတန်ဖိုးငွေကျပ် ၈,၂၆၄,၀၂၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မေ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၉,၈၈၇,၈၅၂)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ သတင်းရရှိသည်။

သတင်းစဉ်