နေပြည်တော် ဖေဖော်ဝါရီ ၂၃
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
သိမ်းဆည်းရမိ
ထိုသို့ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂၀ ရက်တွင် စစ်ကိုင်း မြို့နယ် ထုံးဘိုရပ်ကွက်၌ နေအိမ်လေးလုံးအတွင်းမှ တရားမဝင် စက်သုံးဆီ ဓာတ်ဆီ ၃၀၄ ဂါလန်၊ ဒီဇယ်ဆီ ၁၁၄ ဂါလန် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၈၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ရေနံနှင့် ရေနံထွက် ပစ္စည်းဆိုင်ရာဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၉ ရက်နှင့် ၂၀ ရက် တို့တွင် မင်းလှမြို့နယ်နှင့် တောင်ငူ မြို့နယ်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် ၁ ဒသမ ၂၄၂ တန်၊ သစ်မာ ၁ ဒသမ ၂၀၄ တန် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၃၈၁၁၆ ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၉ ရက်တွင် အောင်လံမြို့နယ် ဇေယျဝတီရပ်ကွက်၌ လိုင်စင်မဲ့ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျိုက်မရောမြို့နယ် လက်ပံကျေးရွာအနီး၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၁ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၁၄၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် လိုင်စင်မဲ့ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၆၄၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂၁ ရက်တွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ရွှေလင်ပန်းစက်မှုဇုန်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကဏန်းအရှင် ကီလိုဂရမ် ၄၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး မြန်မာ့ပင်လယ် ငါးလုပ်ငန်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၉ ရက်တွင် ကြံခင်းမြို့နယ်၊ ငပုတော မြို့နယ်၊ ဘိုကလေးမြို့နယ်နှင့် အင်္ဂပူမြို့နယ်တို့အတွင်း၌ တရားမဝင် အခြားသစ် ၄ ဒသမ ၀၈၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၉၁၀၈၀) ကို သစ်တောဥပဒေ အရလည်းကောင်း၊ ဟင်္သာတမြို့နယ်အတွင်း၌ လိုင်စင်မဲ့ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀၀၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၈၆၉၁၀၈၀ ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂၀ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ခြောက်မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၈၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲ ဖွင့်လှစ်ထားရှိသည်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်၊ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၉ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၃၄၂၉၁၉၆) ကို ဖမ်းဆီးရမိခဲ့သည်။ ထိုကဲ့သို့ တရားမဝင်တင်သွင်းလာမှုများကြောင့် တရားဝင်တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် စျေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းအား ကျဆင်းခြင်းနှင့် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်စေပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာဆုံးရှုံးနစ်နာခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်ပါ၍ တရားမဝင် ကုန်စည်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်


