တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ် ဖမ်းဆီးရမိ

 

နေပြည်တော်၊ ဒီဇင်ဘာ ၁၁

 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ

နေပြည်တော်ကောင်စီနယ်မြေ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဒီဇင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၌ တရားမဝင် ကျွန်းသစ် (၁ ဒသမ ၈၁၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၅,၄၈၄)ကိုလည်းကောင်း၊ ဥတ္တရသီရိခရိုင်၊ တပ်ကုန်းမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့၌ တရားမဝင်သစ်မာ (၂၀ ဒသမ ၇၄) တန်နှင့် အခြားသစ် (၁၈ ဒသမ ၇၆၄) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၆၀၃,၀၄၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၂၂၈,၅၂၄) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ဒီဇင်ဘာ ၁၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာ တာချီလိတ်၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်း၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လျှပ်စစ်ထမင်းပေါင်းအိုး (၃၂) လုံး အပါအဝင် ကုန်ပစ္စည်း ရှစ်မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၆၃၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

mdn

 

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဒီဇင်ဘာ ၁၀ ရက်တွင် စစ်ကိုင်းမြို့၊ တင်းတိပ်ရပ်ကွက်၌ လိုင်စင်မဲ့ Alphard မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ ဒီဇင်ဘာ ၁၁ ရက်တွင် ကန့်ဘလူမြို့နယ်၊ တောက္ကရှပ် ကျေးရွာသွား ကားလမ်းဘေးအနီး၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် စက်သုံးဆီ ဓာတ်ဆီ (၁၀၂) ဂါလံနှင့် ဒီဇယ်ဆီ ဂါလံ (၉၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၁၀၈,၀၀၀) ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၁၀၈,၀၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်နေ့တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၃) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၉၆၆,၅၂၄) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှသိရသည်။

 

သတင်းစဉ်