တရားမဝင် သစ်မျိုးစုံ၊ ကျောက်စိမ်း၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ စက်ဆီချောဆီနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၄

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မတ် ၁ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ခရီးသည်ဝန်စည်အတွင်းမှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကျောက်စိမ်းဟု ယူဆရသော လက်ကောက် ရှစ်ကွင်း အပါအဝင် ပစ္စည်း ငါးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀,၅၀၀,၀၀၀) ကိုလည်းကောင်း၊ မတ် ၂ ရက်တွင် မွန်ပြည်နယ်၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းမှ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်-မြဝတီ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၉၅ မိုင် ၄ ဖာလုံ ရွှေညောင်ပင်အနီး PUMA ဆီဆိုင်ဘေး ရှောင်ကွင်းလမ်းထိပ်တွင် ရပ်တန့်ထားသော မော်တော်ယာဉ် သုံးစီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Lactasoy ၃၀၀ မီလီလီတာ ဘူးပါ ၂၂၅ ဖာနှင့် Wai Wai တံဆိပ်ပါ ကြာဇံထုပ် ဖာ ၁၀၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈,၆၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော မော်တော်ယာဉ် သုံးစီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၇,၀၀၀,၀၀၀) ကိုလည်းကောင်း၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ ဝင်ရောက်အစစ်ဆေးခံသည့် ရေးမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Lactasoy ၁၂၅ မီလီလီတာ ဘူးပါ ၁၅၀ ဖာနှင့် Lipovitan–D ဖာ ၂၀၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၃၅၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀,၀၀၀,၀၀၀)ကိုလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၀,၄၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက် လျက်ရှိသည်။

အလားတူ မတ် ၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ၊ အရှေ့ပိုင်းခရိုင် လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရမိရေးအဖွဲ့က မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ သုဓမ္မာလမ်းပေါ် (၆)ကွေ့မှတ်တိုင်အနီး၌ Toyota Succed အမျိုးအစား မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃,၅၀၀,၀၀၀)ကို လည်းကောင်း၊ မြောက်ပိုင်းခရိုင် လိုင်စင်မဲ့ယာဉ်ဖမ်းဆီးရမိရေးအဖွဲ့က လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ မီးပွိုင့်အနီး၌ Toyota Crown အမျိုးအစား မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၀၀၀,၀၀၀)ကိုလည်းကောင်း၊ တောင်ပိုင်းခရိုင် လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရမိရေးအဖွဲ့က သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားလမ်း၊ (၁၈)ကုန်းထိပ်၌ Honda Airwave အမျိုးအစား မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၀၀၀,၀၀၀)ကိုလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁,၅၀၀,၀၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် (၁၆)မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ချင်းရွှေဟော်မှ မန္တလေးမြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ် တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်း မရှိသော တစ်ခါသုံး Mask များ ၂၀၀၀ ကီလိုဂရမ်(ခန့်မှန်းတန်ဖိုး ငွေကျပ် ၃,၉၅၄,၃၈၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော Nissan-Diesel အမျိုးအစား မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀,၀၀၀,၀၀၀)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃,၉၅၄,၃၈ဝ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မိုင်းဆတ်ခရိုင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့က ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဆိုက်ခေါင်ရွာနှင့် ကောင်းမှုတန်ရွာကြား ဆိုက်ခေါင်ဂိတ်မရောက်မီ ၂ မိုင်ခန့်အကွာတွင် စုပုံထားသော အကောက်ခွန်မဲ့ Battery များနှင့် အင်ဂျင်ဝိုင်များ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် မတ် ၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ခန္တီးမြို့နယ်အတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လိုင်စင်မဲ့ CANDA 125 အမျိုးအစား မော်တော်ဆိုင်ကယ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာန အသီးသီး ဦးဆောင်သော ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖြူးမြို့နယ်နှင့် မင်းလှမြို့နယ်တို့အတွင်း တရားမဝင် ကျွန်းသစ်နှင့် ပျဉ်းကတိုးသစ် ၂၂ ဒသမ ၇၉၈၂ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄,၂၀၆,၀၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မတ် ၁ ရက်၊ ၂ ရက်နှင့် ၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၈ မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ်၁၈၇,၂၁၀,၄၄၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်