တရားမဝင်  သစ်မျိုးစုံ၊ ကွန်ပျူတာဆက်စပ်ပစ္စည်းများ၊  လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ် ဖမ်းဆီးရမိ

နေပြည်တော် ဧပြီ ၁

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် မတ် ၂၃ ရက်နှင့် ၃၁ ရက်နေ့တို့တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာအပြည်ပြည် ဆိုင်ရာဆိပ်ကမ်း(သီလဝါ)၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်သေတ္တာ(၂)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကိုက်ညီမှုမရှိသော Gpon Olt 8 Pon Ports (၈၀)လုံး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၁,၁၂၀,၀၀၀)နှင့် Metal Mouse Trap(၈၄၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၇၆၄,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၂,၈၈၄,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ မတ် ၂၅ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လားရှိုးမြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ စစ်ဆေးရေးအဖွဲ့က လားရှိုးမြို့နယ်၊ Oriental Highway Tollgate အနီး၌ မန္တလေးမြို့မှ မူဆယ်မြို့သို့ မောင်းနှင်လာသော ခရီးသည်တင် မော်တော်ယာဉ်(၁)စီးအား စိစစ်၍ လားရှိုးမြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ ခေါ်ယူပြီး ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ယာဉ်၏ ကိုယ်ထည်ကြမ်းခင်းအောက်တွင် အံဝှက်ပြုလုပ်၍ တရားမဝင် သိုဝှက်သယ်ဆောင်သည့် ပိတောက်ဟု ယူဆရသော ခွဲသားဆိုဒ်စုံ(၀.၈၅၁၆)တန်၊ ကျွန်းဟုယူဆရသော ခွဲသားဆိုဒ်စုံ (၀ ဒသမ ၉၆၃၂)တန် (ခန့်မှန်းတန်ဖိုးကျပ် ၃,၅၀၀,၀၀၀)နှင့် အဆိုပါ သစ်များ တင်ဆောင်သော Toyotetsu Bus (၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၅၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါသည်။

ထို့အတူ မတ် ၃၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာန အသီးသီးအလိုက် ဦးဆောင်သော ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ညောင်လေးပင်မြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ဖြူးမြို့နယ်နှင့် လက်ပံတန်းမြို့နယ်များအတွင်း တရားမဝင် ကျွန်းသစ်(၂၃ ဒသမ ၀၈၈)တန်၊ သစ်မာ (၈ ဒသမ ၅၁၂)တန်နှင့် အခြားသစ်မျိုးစုံ(၃ ဒသမ ၄၂၂)တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၆၀၀,၈၂၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မတ် ၂၃ ရက်၊ ၂၅ ရက်နှင့် ၃၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၈) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၈၀,၉၈၄,၈၂၆) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦး ဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်