တရားမဝင် သစ်မျိုးစုံ၊ လိုင်စင်မဲ့ မော်တော်ယာဉ်များနှင့် လူသုံးကုန်ပစ္စည်းများ ဖမ်းဆီးရမိ

တရားမဝင် သစ်မျိုးစုံ၊ လိုင်စင်မဲ့ မော်တော်ယာဉ်များနှင့် လူသုံးကုန်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၁၆

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၁၂ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သံတွဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်တို့အတွင်း တရားမဝင် သစ်မျိုးစုံ (၅.၀၁၄၀) တန်၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၁,၁၅၀) ကိုလည်းကောင်း၊ မေ ၁၄ ရက်တွင် တောင်ကုတ်မြို့နယ်အတွင်း တရားမဝင် တောင်သရက်ခွဲသား (၅.၀၀၂၆) တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀,၁၈၂) ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၁,၃၃၂) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်‌တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ယင်းအပြင် မေ ၁၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ ထွက်ခွာလာသော  ခရီးသည်တင် မှန်လုံယာဉ်တစ်စီးပေါ်၌ တရားမဝင် တင်ဆောင်လာသော ထိုင်းတိုင်းရင်းဆေးအရည်နှင့် ခြင်ဆေးဗူးများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၇၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး  အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မေ ၁၆ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်‌ဆေးရေးအဖွဲ့က စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မုံရွာမြို့နယ်အတွင်း လိုင်စင်မဲ့ TOYOTA MARK II အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၀၀,၀၀၀) နှင့် TOYOTA  CROWN အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၀၀,၀၀၀ ) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အ‌ရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေး အဖွဲ့က အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအတွင်း တရားမဝင် ကျွန်းသစ် (၁.၇၅၂၀)တန်၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၆၂,၈၀၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်‌ဆေးရေးအဖွဲ့က စစ်တောင်းတံတား လုံခြုံရေးရဲကင်းရှေ့၌ လိုင်စင်မဲ့ မော်တော်ယာဉ် လေးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပ‌ဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂,၂၆၂,၈၀၀)ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍  မေ ၁၂ ရက်၊ ၁၄ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၁) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁,၀၆၄,၁၃၂) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။ 

သတင်းစဉ်