တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့်  မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ ဖေဖော်ဝါရီ  ၂၀

 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ   ဖေဖော်ဝါရီ ၁၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင်အမြဲတမ်း စစ်‌ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ မန္တလေးမြို့သို့ ထွက်ခွာလာသော  မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင် ခြင်းမရှိသည့် Detergent Powder ဖာ (၇၀)  အပါအဝင် ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၅၀,၀၀၀) နှင့် အဆိုပါ ပစ္စည်းများတင်‌ဆောင်လာသည့် မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀) ကို လည်းကောင်း၊ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်နှစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသည့်  Lady Sandal High heel အရံ (၈၀၀)၊ တောင်တက်စက်ဘီး (၃၅) စီး အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၀၇၀,၀၀၀)နှင့်  အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် နှစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၅,၀၀၀,၀၀၀) ကို လည်းကောင်း၊  စုစုပေါင်း ( ခန့်မှန်းတန်ဖိုးငွေကျပ်  ၂၄၇,၆၂၀,၀၀၀ ) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

 

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ၊ အင်းစိန်ခရိုင် လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရမိရေးအဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ အမှတ်(၅)လမ်းမ၊ FM City အိမ်ရာဝန်းရှေ့၌ လိုင်စင်မဲ့ Nissan Cube အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၆၀၀,၀၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

 

 

၎င်းအပြင် ဖေ‌ဖော်ဝါရီ ၁၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်နှစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Goat Milk Shower Cream (၇၅) ဖာ အပါအဝင် ကုန်ပစ္စည်း နှစ်မျိုး၊ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသည့် High Density Polyethylene (၃၀၀၀) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၄၇၅,၀၀၀) နှင့် အဆိုပါကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်နှစ်စီးနှင့် ‌နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၁,၄၇၅,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

 

 

ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြို့နယ်သစ်တောဦးစီးဌာန အသီးသီးအလိုက်ဦးဆောင်သော ပူးပေါင်းစစ်ဆေး‌ရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးမြို့နယ်၊ ဖြူးမြို့နယ်နှင့် လက်ပံတန်းမြို့နယ်တို့အတွင်း တရားမဝင်ကျွန်းသစ်၊ သစ်မာနှင့် အခြားသစ်မျိုးစုံ (၂၁ ဒသမ ၀၀၆၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၁၅၅,၅၀၂) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ   ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၄) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၆,၈၅၀,၅၀၂) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင် ကော်မတီမှ သိရသည်။

 

သတင်းစဉ်