တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ မီးစက်ကြီးများ၊ ယာဉ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၂၅

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၉ ရက်တွင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် နောင်ချိုမြို့နယ် တရားမဝင်ကုန်ပစ္စည်းများတားဆီးရေးအဖွဲ့က အိုရီယမ်တယ်တိုးဂိတ်၊ ပူးပေါင်း စစ်ဆေးရေး ဂိတ်၌ လျှပ်စစ်ပစ္စည်းများ ရွှေ့ပြောင်းသယ်ဆောင်လာသော မော်တော်ယာဉ် (၂)စီးအား စိစစ်၍ လားရှိုးမြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ ပို့ဆောင်ပြီး အသေးစိတ် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Fujianminyi China Silent Diesel Generating Set (၁)လုံး အပါအဝင် ကုန်ပစ္စည်း(၅၆)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၅,၉၀၈,၈၆၀)ကို လည်းကောင်း၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Tractor Head (၁)စီးနှင့် နောက်တွဲယာဉ် (၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၅,၉၀၈,၈၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

ထို့အတူ ဇွန် ၂၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ခရိုင်သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အမှတ် (၃)ရပ်ကွက်၊ ကမ်းနားဆိပ်ကမ်း၊ ဆကာကြီးကျေးရွာအနီး၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် သစ် (၃ ဒသမ ၇၂၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၄,၈၁၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

ထို့အပြင် ဇွန် ၂၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန် အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာ ထားခြင်း မရှိသည့် Aisin Automatic Transmission Filter (၅၁၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃,၇၂၃,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ထီးတန်းဆိပ်ကမ်း၌ ကုန်သေတ္တာ(၁)လုံး အတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် LED Bulb (၇၀၀၀)လုံး အပါအဝင် ကုန်ပစ္စည်း (၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၉,၇၂၃,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
 
သို့ဖြစ်ပါ၍ ဇွန် ၁၉ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၆)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၆,၄၃၆,၆၇၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦး ဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်