နေပြည်တော်၊ မတ် ၂၁

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မတ် ၁၉ ရက်တွင် ချောင်းဝပြည်တွင်း ကမ်းရိုးတန်းသွားဆိပ်ကမ်း၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင် ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း (၃)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ်၄၃,၈၄၈,၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ မတ် ၂၁ ရက်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ဗဟန်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်နှင့် လှည်းကူးမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် (၄)စီးနှင့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇,၈၄၈,၀၀၀)ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် မတ် ၂၀ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံ မြို့နယ်၊ ဘားအံစက်မှုဇုန်အနီး၌ မော်တော်ယာဉ် (၃၀)ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း(၄၄)မျိုး၊ လူသုံးကုန်ပစ္စည်း(၄၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၀,၉၉၈,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၈)စီး၊ Isuzu Giga Truck (၆)စီး၊ Nissan Diesel Truck (၅)စီး၊ Hino Profia Truck (၃)စီး၊ Doh Shwe Myanmar Truck (၂)စီး၊ Nidi Truck (၂)စီး၊ Yar Zar Tun Truck (၁)စီး၊ Diamond Truck (၁)စီး၊ Hino Truck (၁)စီး၊ Shwe Htu Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၄၀,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၇၇၀,၉၉၈,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ်(၅ ဒသမ ၀၁၁)တန်၊ အခြားသစ်(၃ ဒသမ ၆၇၅)တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၉၀၉,၃၈၄)ကို ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပ‌ဒေနှင့်အညီ ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပျော်ဘွယ်မြို့နယ်၊ အမရပူရမြို့နယ်၊ သာစည်မြို့နယ်၊ ဝမ်းတွင်းမြို့နယ်နှင့် အောင်မြေသာဇံမြို့နယ်တို့၌ တရားမဝင်မီးသွေး (၃၇ ဒသမ ၇၈၆)တန်နှင့် Toyota Townace မော်တော်ယာဉ် (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၅,၈၉၇,၃၃၂) ကိုလည်းကောင်း၊ ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်နှင့် သာစည်မြို့နယ်တို့၌ တရားမဝင်အခြားသစ် (၁၂ ဒသမ ၂၁၅)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၇၈,၅၈၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုး ငွေကျပ် ၂၈,၄၇၅,၉၁၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ တရားမဝင် အခြားသစ် (၁၅ ဒသမ ၆၃၁)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၃၉၅,၆၂၇) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူ‌ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ကြီးမြို့၊ (၄)မိုင်ပူးပေါင်း စစ်ဆေးရေးဂိတ်၌ တန့်ယန်းမြို့မှ တောင်ကြီးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း (၁)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၇,၅၂၅,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Ipsum (၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇,၅၂၅,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ နေပြည်တော်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဥတ္တရခရိုင်အတွင်း၌ တရားမဝင် အခြားသစ်(၁ ဒသမ ၇၇၁)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀,၈၈၃)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

၂၀၂၅ ခုနှစ်၊ မတ် ၁၉ ရက်၊ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၉၁)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၉၁၃,၃၉၂,၈၀၆)ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့်အလတ်စား ပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ စျေးကွက်အတွင်း မျှတစွာယှဉ်ပြိုင်နိုင်မှုမရှိခြင်းနှင့် စျေးကွက်ပျောက်ဆုံးခြင်းတို့ ဖြစ်ပေါ်စေပြီး ပြည်တွင်း ကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကြီးမားသည့်ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေပါသည်။ သို့ဖြစ်၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း   တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)