တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ လုပ်ငန်းသုံး စက်ပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ သြဂုတ် ၁၉

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ  သြဂုတ် ၁၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ) ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က သွင်းကုန် ကြေညာ လွှာ(ID) တွင် ကြေညာထားခြင်းမ‌ရှိသည့်  လူသုံးကုန်ပစ္စည်းနှင့် လုပ်ငန်းသုံးစက်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၅၀,၀၀၀)ကို လည်းကောင်း၊ သြဂုတ် ၁၇ ရက်တွင် မြန်မာစက်မှု ဆိပ်ကမ်းကုန်သေတ္တာစစ်ဆေး‌ရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က သွင်းကုန် ကြေညာလွှာ (ID)တွင် ကြေညာထားသည်နှင့် ကိုက်ညီမှုမရှိသော အားကစားဖိနပ် (၄၈၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၁၀,၄၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်  ၄,၇၆၀,၄၀၀)ကို  သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် သြဂုတ် (၁၈) ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် (၁၆)မိုင်ကျောက်ချော စစ်ဆေးရေးစခန်း တာဝန်ကျ ပူးပေါင်းအဖွဲ့က  ကင်းလှည့်စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေး-ပြင်ဦးလွင်လမ်း မိုင်တိုင်အမှတ်(၁၈)မိုင် (၆)ဖာလုံတွင် အကောက်ခွန်မဲ့ လူသုံးကုန်နှင့်စားသောက်ကုန် ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၂၈,၈၀၀)ကို လည်းကောင်း၊ မြစ်ငယ်တံတားအနီး မိုင်တိုင်အမှတ် (၃၆၀)မိုင် (၅)ဖာလုံတွင် တောင်ကြီးမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက် အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ဆိုင်ကယ်အပိုပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်း၊ ကလေးတစ်ကိုယ် ရည်သုံးပစ္စည်းနှင့် အလှကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇,၈၈၇,၆၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter အမျိုးအစား မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၀၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂,၉၁၆,၄၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

အလားတူ သြဂုတ် ၁၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရှမ်း ပြည်နယ်၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ လှည့်ကင်းတာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ စံလောင်းကျေးရွာ မိုင်တိုင်အမှတ် (၁၉၇)မိုင်အနီး ရှောင်းကွင်းလမ်း ဘေးတွင် ပိုင်ရှင်မဲ့စုပုံထားသော သတ္တုမှုန့်ပါဝင်သည်ဟုယူဆရသည့် အနက်ရောင်အမှုန့် အိတ် (၄၀) (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၈,၀၀၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အ‌ရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထိုအတူ ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့် ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ် (၁)စီးပေါ်၌ သွင်းကုန် ကြေညာလွှာ (ID)တွင် ကြေညာထားခြင်းမရှိသည့် သန့်စင်ခန်းသုံး ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ်  ၂,၈၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

ယင်းအပြင်  ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန  ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ရိုးမကြိုးပြင်ကာကွယ်‌တောအတွင်း တရားမဝင် ပျဉ်းကတိုးခွဲသား (၃ ဒသမ ၅၃၃၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၇၆၆,၈၀၀ ) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

 

သို့ဖြစ်ပါ၍  သြဂုတ် ၁၆ ရက်၊ ၁၇ ရက်၊ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၁)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၂၄၃,၆၀၀)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)