တရားမဝင် သစ်မျိုးစုံ ၊ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်း၊ ဓာတုကုန်ကြမ်းပစ္စည်းနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၂၄

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၉ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပုသိမ်ခရိုင်နှင့် ဟင်္သာတခရိုင်တို့အတွင်း တရားမဝင် သစ်မျိုးစုံ (၃၅.၀၃၀၄) တန်၊ ( ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၂၉၉,၆၇၆ ) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇန်နဝါရီ ၂၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်စစ်‌ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်လိုင်စင်ခွင့်ပြုထားသည်ထက် ပိုမိုပါရှိလာသော Preprinted Galvanized Iron Sheet In Coil (၅၄၈) ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၅)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၉,၃၉၇,၄၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် ဇန်နဝါရီ ၂၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ကိုင်းမြို့အဝင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ကျပူးပေါင်းအဖွဲ့က  စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ‌မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင် သယ်‌ဆောင်လာသော နိုက်ထရစ် အက်ဆစ် (Nitric Acid) (၁၄၅၂) လီတာ (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁,၄၅၂,၀၀၀)နှင့် ဟိုက်ထရိုဂျင်ပါအောက်ဆိုဒ် (Hydrogen Peroxide) (၇၄၇) လီတာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၃၆၁,၅၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၈၁၃,၅၀၀) ကို  ဖမ်းဆီးရမိခဲ့ပြီး ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်တားဆီးကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူ‌ဆောင်ရွက်လျက်ရှိသည်။

ထပ်မံ၍ ဇန်နဝါရီ ၂၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသည့်  ‌ဖော့ဖိနပ် (၁၀,၂၆၀)ရန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၂၀၆,၆၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Isuzu အမျိုးအစား မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄,၂၀၆,၆၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်‌ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ ယာဉ်ပါ/ ကုန်ပါစာရင်းချုပ်တွင် ကြေညာထားခြင်းမရှိသည့်  Polypropylen Plastic Resin (၅၆၀၀) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၆၈၀,၉၅၂)၊ အဆိုပါကုန်ပစ္စည်းများ တင်ဆောင်လာသည့် Nissan  အမျိုးအစား Tractor Head (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၈,၆၈၀,၉၅၂) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ‌ဆောင်ရွက်လျက်ရှိသည်။ 

သို့ဖြစ်ပါ၍ ဇန်နဝါရီ ၁၉ ရက်၊ ၂၀  ရက်၊ ၂၂  ရက်နှင့်၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၁) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၉,၃၉၈,၁၂၈ ) ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်