တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၃၁

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၉ ရက်၌ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေး မှုများ ဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၃)လုံးအတွင်းမှ သွင်းကုန်ကြေညာ လွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာ ပါရှိလာသည့် Glass Ware Cup (၇၅၁၆၈)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂,၅၅၀,၄၀၀)ကို လည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာစစ် ဆေးရေး စခန်း၌ ကုန်သေတ္တာ(၁)လုံး အတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Tin Can Cover (Packing Materials) ကီလိုဂရမ် (၃၃၀၀) အပါအဝင် ကုန်ပစ္စည်း(၅)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀,၀၈၅,၀၄၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ် (သွင်းကုန်)၌ သွင်းကုန်ကြေညာလွှာတွင် ကြေညာ ထားခြင်း မရှိသည့် ကားအပိုပစ္စည်း Shock Absorber အပါအဝင် ကုန်ပစ္စည်း (၃၆)မျိုး (၁၅,၂၇၅,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၇,၉၁၀,၄၄၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇန်နဝါရီ ၂၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွာသာကြီး Dry Port ၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Mitsubishi Diesel Engine (၁)လုံး အပါအဝင် ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၄၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Tractor Head (၁)စီးနှင့် နောက်တွဲယာဉ် (၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅,၀၀၀,၀၀၀)ကို
လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (စျ)ရပ်ကွက်၊ သီရိရတနာကားကြီးဝင်းအတွင်းရှိ ဆိုင်ခန်း များအတွင်းနှင့် မော်တော်ယာဉ်များပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ထိုင်းနိုင်ငံထုတ် ဆန်ကြာဇံထုပ် (၈၂၈၀) ၊ Lipovitan-D ပုလင်း (၃၄၄၀၀) ၊ Sue Sat ဆပ်ပြာမှုန့်ထုပ် (၂၈၀၀) ၊ Golf Bag (၂၅)လုံး အပါအဝင် ကုန်ပစ္စည်း(၃၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၆,၉၆၃,၂၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်ထားသည့် Mitsubishi Fuso Truck (၁)စီး၊ Higher Mini Bus (၂)စီး၊ Fuso Panda Bus (၁)စီး၊ Tha Ma Di Bus (၁)စီး၊ Shwe Nyi No Bus (၁)စီး အပါအဝင် မော်တော်ယာဉ်(၆)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၂,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၈၄,၃၆၃,၂၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇန်နဝါရီ ၂၉ ရက်တွင် မကွေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မကွေးခရိုင်၊ မကွေးမြို့၊ ဧရာဝတီတံတားစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Daihatsu Hijet မော်တော်ယာဉ်(၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ မင်းဘူးမြို့နယ်၊ မန်းရေနံမြေ စုပေါင်းရုံးအနီး၌ တရားမဝင် ရေနံစိမ်း(၃)ဂါလန်နှင့် Super Anbo မော်တော်ဆိုင်ကယ်(၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၆၀,၅၀၀)ကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၃၆၀,၅၀၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီလ ၂၉ ရက်တွင် ပူတာအို မြို့နယ်၌ တရားမဝင် အခြားသစ်(၉၉ ဒသမ ၀၂၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၆၃၃,၄၄၀)ကို သစ်တောဥပဒေ အရလည်းကောင်း၊ ဇန်နဝါရီလ ၃၀ ရက်တွင် ဖားကန့်မြို့နယ်၊ လယ်ပြင်ကျေးရွာအနီး၌ ကာမိုင်းမြို့မှ ဖားကန့်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၃)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် အမိုနီယမ်နိုက်ထရိတ် ကီလိုဂရမ် (၁၉၈၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၉၈၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် လိုင်စင်မဲ့ Nissan AD Van (၁)စီး၊ Toyota Ipsum (၁)စီးနှင့် Toyota Voxy (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၅၀၀,၀၀၀)တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅,၁၁၃,၄၄၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇန်နဝါရီ ၂၉ ရက်နှင့် ၃၁ ရက်နေ့ တို့တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ်(၃ ဒသမ ၀၁၂)တန်၊ သစ်မာ(၁၆ ဒသမ ၁၄၉)တန်၊ အခြားသစ်(၀ ဒသမ ၇၁၅)တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၉၅၃,၁၂၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇန်နဝါရီ ၂၉ ရက်၊ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၇)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၁,၇၀၀,၇၀၄)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်