တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊  လုပ်ငန်းသုံးပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ ၁၃

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ
ဧပြီ ၁၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ရွှေဘိုမြို့မရဲစခန်းမှ စစ်ဆေးရေးအဖွဲ့က နယ်မြေကင်းလှည့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေဘိုမြို့၊ အမှတ်(၁၀) ရပ်ကွက်၊ မြို့ရှောင်လမ်း၊ ပဂိုးကုန်းကျေးရွာ လမ်းဆုံ၌ မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသော ဒီဇယ် (ချက်ဆီ) (၁၃၅၀) ဂါလန်၊ ဒီဇယ် (၂၂၅) ဂါလန်နှင့် ဓာတ်ဆီ (92) (၄၅၀) ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃,၀၈၅,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက် ပစ္စည်းများဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ ဧပြီ ၁၂ ရက်တွင် ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မူဆယ်ခရိုင် တရားမဝင် ကုန်စည်တားဆီး ထိန်းချုပ်ရေးအဖွဲ့က မူဆယ်မြို့၊ မန့်ဝိန်းဂိတ်မှ ဝင်ရောက်လာသော မော်တော်ယာဉ်တစ်စီးသည် သတ်မှတ်လုပ်ထုံး လုပ်နည်းများနှင့်အညီ လုပ်ငန်းဆောင်ရွက်ခြင်းမရှိဘဲ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ စွမ်စော်တစ်လမ်းရှိ ဂိုဒေါင်အမှတ် (စစ/၄၅) အနီးတွင် ရပ်တန့်ထားသည်ကို စိစစ်တွေ့ရှိသဖြင့် မော်တော်ယာဉ်နှင့် ဂိုဒေါင်အမှတ် (စစ/၄၅) ရှိ ကုန်ပစ္စည်းများအား မူဆယ်မြို့နယ် ကောက်ခွန် ဦးစီးဌာနမှူးရုံးသို့ ပို့ဆောင်၍ အသေးစိတ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်ပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသော အမျိုးသမီးဝတ် ရှပ်အင်္ကျီ (၈၀၀၀) ထည် အပါအဝင်ကုန်ပစ္စည်း (၁၄) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈,၈၄၃,၀၅၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော Dong Feng Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ဂိုဒေါင်အတွင်းမှ တရားဝင် စာရွက်စာတမ်း အထောက်အထားတစ်စုံ တစ်ရာတင်ပြနိုင်ခြင်းမရှိသည့် Aluminium လှေကား (၁၄၄) ကီလိုဂရမ် အပါအဝင်ကုန်ပစ္စည်း (၂၁) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂,၂၅၀,၇၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၇,၀၉၃,၇၅၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ လုံခြုံရေးအဖွဲ့က နယ်မြေကင်းလှည့် ဆောင်ရွက်နေစဉ် ထားဝယ်မြို့၊ ထိန်သစ်ရပ်ကွက်၊ မင်္ဂလာသီတာလမ်း၌ သတ္တုတူးဖော်ရေး လုပ်ငန်းသုံးပစ္စည်းများအား မော်တော် ယာဉ်တစ်စီးပေါ်မှ အခြားမော်တော်ယာဉ်တစ်စီးပေါ်သို့ ပြောင်းရွှေ့သယ်ဆောင်နေကြောင်း စိစစ်တွေ့ရှိသဖြင့် ထားဝယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ ပို့ဆောင်၍ အသေးစိတ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် Electrical Control Panel Main Board (၅) ခု အပါအဝင် ကုန်ပစ္စည်း (၁၄) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၃၇၀,၀၀၀) ကို လည်းကောင်း၊ အဆိုပါပစ္စည်းများ တင်ဆောင်သော Nissan  Diesel  Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၇,၀၀၀,၀၀၀) နှင့် ပြောင်းရွှေ့သယ်ဆောင်သည့် Mitsubishi Canter Truck တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၄,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆,၃၇၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ခရိုင်နှင့်မြို့နယ် သစ်တောဦးစီးဌာန အသီးအသီးအလိုက် ဦးဆောင်သော ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်လေးပင်မြို့နယ်၊ ပန်းတောင်းမြို့နယ်၊ ပေါက်ခေါင်းမြို့နယ်၊ လက်ပံတန်းမြို့နယ်နှင့် သာယာဝတီမြို့နယ်များအတွင်း တရားမဝင်ကျွန်းသစ် (၃.၅၇၄) တန်၊ သစ်မာ (၈ ဒသမ ၂၇၆၂) တန်နှင့် အခြားသစ်မျိုးစုံ (၃ ဒသမ ၃၂၀) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၁၁၈,၀၈၂) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဧပြီ ၁၀ ရက်နှင့် ၁၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၀) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၁,၆၆၆,၈၃၂) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။ 

သတင်းစဉ်