တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ဆိုင်ကယ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၁၀

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က အင်းတော်မြို့၊ မြို့အဝင် စစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ် နိုင်ငံထုတ် O ZERO ပလပ်ခုံ (၉၁၂)ခုနှင့် ONION ဖုန်းအားသွင်းကြိုး (၁၆၀၀၀)ခု အပါအဝင် ကုန်ပစ္စည်း
(၈)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၇၈၆,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇန်နဝါရီ ၉ ရက်တွင် တနင်္သာရီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ ကမ်းနားလမ်းအနီး၌ တရားမဝင် အခြားသစ် (၁.၈၀၁)တန်၊ 4 dr 5 အင်ဂျင်(၁)လုံး၊ အဆိုပါသစ်များ တင်ဆောင်လာသည့် သစ်သားစက်လှေ(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၂၇၀,၂၄၀)နှင့် မြိုတ်မြို့၊ ကလွင်ကျေးရွာ၌ တရားမဝင် အခြားသစ် (၅.၀၂၁)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၃,၁၈၀)ကို သစ်တောဥပဒေအရအလည်းကောင်း၊ ထားဝယ်မြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်၌ လိုင်စင်မဲ့ Click 125 မော်တော်ဆိုင်ကယ်(၁)စီးနှင့် MSX မော်တော်ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၃၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၃၂၃,၄၂၀)ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇန်နဝါရီ ၉ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၁ ဒသမ ၈၈၅)တန်၊ အခြားသစ် (၀ ဒသမ ၈၂၇)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၃၀၂,၄၄၂) ကိုလည်းကောင်း၊ ညောင်လေးပင်ခရိုင်အတွင်း၌ တရားမဝင် သစ်မာ (၈ ဒသမ ၆၉၃)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၃၄၆,၆၀၀)ကိုလည်းကောင်း၊ သာယာဝတီခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ်(၀ ဒသမ ၆၈၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၇,၉၆၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၈၃၇,၀၀၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇန်နဝါရီ ၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန် အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၄)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Ceramic Tile (၂၈၂၂)စတုရန်း မီတာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂,၉၃၄,၃၉၄)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇန်နဝါရီ ၉ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၇)မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၆,၈၈၀,၈၁၆)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်