တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်၊ ဇွန် ၁၇

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၄ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြစ်ကြီးနားမြို့၊ ရမ်ပူ-ကြက်ပေါင်ခြံ လမ်းဆုံ၌ လိုင်စင်မဲ့ Toyota Corwn မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇွန်လ ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရွာသာကြီး Dry Port ၌ မန္တလေးမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးနှင့် မိုင်းလားမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးတို့ပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တစ်ခါသုံးအိပ်ရာခင်း (၁၅၀၀) ကီလိုဂရမ်၊ လုပ်ငန်းသုံး Tubular Type Air Preheater အပူပေးစက်တစ်လုံး အပါအဝင် ကုန်ပစ္စည်း ခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇,၁၄၀,၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck နှစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂,၁၄၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇွန် ၁၆ ရက်တွင် ပဲခူးခရိုင်နှင့် တောင်ငူခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် (၁ ဒသမ ၆၁၇) တန်၊ သစ်မာ (၁ ဒသမ ၈၀၉) တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂,၆၅၃,၃၅၂) ကို သစ်တောဥပဒေအရလည်းကောင်း၊ အင်းတကော်မြို့၊ ဘူးလယ်အင်းကျေးရွာအနီး၌ လိုင်စင်မဲ့ Toyota Caldina မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ ဇွန်လ ၁၇ ရက်တွင် တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် (၃ ဒသမ ၃၉၃) တန်၊ သစ်မာ (၃ ဒသမ ၂၂၅) တန်၊ အခြားသစ် (၀ ဒသမ ၄၇၉) တန် (ခန့်မှန်းတန်ဖိုးငွေကျပ်၁,၆၅၈,၈၀၁) ကို သစ်တော ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၃၁၂,၁၅၃) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇွန် ၁၄ ရက်၊ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၉)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၇,၄၅၂,၁၅၃)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်