တရားမဝင် သစ်မျိုးစုံ၊ မော်တော်ယာဉ်၊ လူသုံးကုန်၊ စားသောက်ကုန်နှင့် လုပ်ငန်းသုံးပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇန်နဝါရီ ၃၀

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၉ ရက်တွင် မြန်မာစက်မှု ဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့မှ စစ်ဆေးဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေငြာလွှာ ID တွင် ကြေညာထားခြင်း မရှိသော အထွေထွေ လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၃၀၄,၀၀၀)၊ လျှပ်စစ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၄၂၀,၀၀၀)၊ လယ်ယာသုံး စက်အပိုပစ္စည်း ငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၀၀,၀၀၀)၊ ဖုန်းဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၅၂၅,၀၀၀)၊ အလှကုန်ပစ္စည်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄,၄၈၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၃,၂၂၉,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ကရင်ပြည်နယ်၊ မြဝတီ (OSS) တာဝန်ကျ အကောက်ခွန်အဖွဲ့မှ မြဝတီကုန်သွယ်ရေးဇုန်အနီး ရှောင်တခင် ကင်းလှည့်စစ်ဆေးခဲ့ရာ မြဝတီကုန်သွယ်ရေးဇုန်အကျော် မြစန္ဒီရှောင်ကွင်းလမ်းမှ အာရှလမ်းဆုံသို့ ထွက်လာသည့် ခြောက်ဘီးယာဉ်တစ်စီးပေါ်မှ တရားမဝင် အားဖြည့်အချိုရည် ဖာ (၂၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ သယ်ဆောင်လာသော Mitsubishi Canter ခြောက်ဘီးယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်  ၂၅,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မွန်ပြည်နယ်၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော (၂၂) ဘီးယာဉ်ပေါ်မှ သွင်းကုန်ကြေငြာလွှာ ID တွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော လုပ်ငန်းသုံး ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၁၁၂,၈၆၀) နှင့် ဆိုင်ကယ်အပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၂၉၀,၈၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၄၀၃,၆၆၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူပင် ဇန်နဝါရီ ၃၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေး အဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ပဲခူး၊ တောင်ငူနှင့် သာယာဝတီခရိုင် သစ်တောကြိုးဝိုင်းများအတွင်း တရားမဝင်သစ်မျိုးစုံ (၁၆.၃၉၆၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၁၂၅,၅၉၂) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် မန္တလေးတိုင်းဒေသကြီး၊ (၁၆)မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ အကောက်ခွန် ဦးစီးဌာနမှ ဦးဆောင်သော တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ  စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် Chain Saw (ဓားနှင့် ဓားအထိုင်မပါ) (၁၀) လက် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၀၀,၀၀၀)နှင့်  ဓါး (အရွယ်မျိုးစုံ) အလက် (၁၆၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၄၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၉၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

ထပ်မံ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့နယ်တွင် သွင်းကုန်ကြေငြာလွှာပါ ခွင့်ပြုပမာဏထက် ပိုမိုသယ်ဆောင်လာသော ဓါတ်မြေဩဇာ (၅၀) ကီလိုဂရမ်ပါ (၆၆၅) အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၀၉၄,၂၂၀) ကို ဖမ်းဆီးရမိခဲ့သဖြင့် အကောက်ခွန်ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ပါ၍ ဇန်နဝါရီ ၂၉ ရက်နှင့် ၃၀ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၁) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၄,၇၅၂,၄၇၂) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်