တရားမဝင် သစ်မျိုးစုံ၊ မော်တော်ယာဉ်အပိုပစ္စည်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်း၊ ဓာတုကုန်ကြမ်းပစ္စည်းနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်၊ ဇူလိုင် ၂၅

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၄ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှရန်ကုန်မြို့သို့ သွားရောက်မည့် ကုန်တင်ယာဉ် တစ်စီးပေါ်၌ သွင်းကုန် ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသည့် ကားတာယာများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၁၀၀,၀၀၀) ကို လည်းကောင်း၊ ကုန်တင်ယာဉ် တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည့် အမျိုးအစားနှင့် ကွဲလွဲတင်ဆောင်လာသော Poly Aluminium Chloride အိတ် (၁၂၀၀) (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀,၈၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် နောက်တွဲယာဉ်ပါ Dongfeng အမျိုးအစား (၂၂) ဘီး ကုန်တင်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀,၀၀၀,၀၀၀) ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂,၉၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး  အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန် စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော ကုန်တင်ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်ထက် ပိုမိုသယ်ဆောင်လာသော လျှပ်စစ်ထမင်းပေါင်းအိုး အလုံး (၇၂၀) (ခန့်မှန်းတန်ဖိုးငွေကျပ်  ၅,၃၂၈,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်‌ဆောင်လာသည့်  Mitsubishi Fuso အမျိုးအစား (၁၂) ဘီး ကုန်တင်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၃၂၈,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အ‌ရေးယူဆောင်ရွက် လျက်ရှိသည်။

ယင်းအပြင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ‌ ဆောင်ရွက်ခဲ့ရာ မော်လမြိုင်ကျွန်းမြို့နယ်အတွင်း တရားမဝင် ကျွန်းခွဲသား တန် (၇၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁,၀၀၀,၀၀၀)ကို   ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

အလားတူ ဇူလိုင် ၂၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဉီးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင်ကျွန်းသစ်နှင့် သစ်မာ (၂ ဒသမ ၁၈၀၄) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၆၇,၂၂၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍  ဇူလိုင် ၂၄ ရက် နှင့် ၂၅  ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၁) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၀,၄၉၅,၂၂၀) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်