တရားမဝင် သစ်မျိုးစုံ၊ ရာဘာ ၊ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်းနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်  မတ် ၂၁

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၁၇ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်း တရားမဝင် သစ်မျိုးစုံ (၄ ဒသမ ၃၂၈၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ်  ၃၀၂,၉၈၈)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မတ် ၁၈ ရက်တွင် ရှမ်းပြည်နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ ပြည်နယ်အကောက်ခွန်ဉီးစီးမှူးနှင့် တာချီလိတ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးတို့ ဦးဆောင် သော စစ်ဆေးရေးအဖွဲ့က တာလေ- ပါလျှိုး- ကျိုင်းလပ် လမ်းကြောင်းပေါ်ရှိ ရှောင်ကွင်းလမ်းကြောင်း များအား စစ်ဆေးမှုများ ဆောင်ရွက်စဉ် မော်တော်ယာဉ်(၄) စီးပေါ်၌ တရားဝင်တင်ပို့ခွင့်ဆိုင်ရာ စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်  ရာဘာ (ခွက်ကပ်အမျိုးအစား) (၁၀၀,၀၀၀) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၈,၀၀၀,၀၀၀) နှင့် အဆိုပါရာဘာများ တင်ဆောင်သည့် မော်တော်ယာဉ် (၄)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၀,၀၀၀,၀၀၀) ကို လည်းကောင်း၊ မတ် ၁၉ ရက်တွင် မူဆယ် (၁၀၅) မိုင် (OSS) ကုန်သွယ်ရေးဇုန်၌ တာဝန်ကျ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ် (၁၀) စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော Air Compressor Head With Pulley (၅၄)လုံး၊ Rubber Balloon (၂၀၀) ကီလိုဂရမ်၊ ကြွေပန်းကန်လုံး (၃၀၉.၅)ကီလိုဂရမ်၊ Plastic Basket for Packing Fruit ( ၁,၅၀၀)ကီလိုဂရမ်၊  Stainless Steel Pipe (၂,၀၀၀)ကီလိုဂရမ်၊ Grinding Machine (၄၀)လုံး၊ Wheel Barrow Wheel Rim with Tyre (၂၀၀) လုံး အပါအဝင် ကုန်ပစ္စည်း (၂၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၉,၅၃၇) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၈,၀၀၉,၅၃၇)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

ယင်းအပြင် နေပြည်တော်ကောင်စီနယ်မြေ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်  လယ်ဝေးမြို့နယ်သစ်တောဦးစီးဌာန ဦးဆောင်သောအဖွဲ့က  စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ လယ်ဝေးမြို့နယ်အတွင်း တရားမဝင် လုံးပတ်(၃)ပေအောက် ကျွန်းသစ်(၂ ဒသမ ၃)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၇၆,၁၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ‌ ဆောင်ရွက် ခဲ့ရာ မတ် ၁၉ ရက်တွင်  ကောလင်းမြို့၊ မြို့မကုန်းရပ်ကွက်၌ Honda Fit အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၀၀,၀၀၀)ကိုလည်းကောင်း ၊ မတ် ၂၀ ရက်တွင် စစ်ကိုင်းမြို့နယ်၊ တကောင်းရပ်ကွက်၌ HEISEN အမျိုးအစား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၀,၀၀၀)နှင့် ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်၌ Honda Fit အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၁၅၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မတ် ၁၇ ရက်၊ ၁၈ ရက်၊ ၁၉ ရက်နှင့် ၂၀ ရက် တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၃ )မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၂,၇၃၈,၆၄၅) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေးဦးဆောင်ကော်မတီမှသိရသည်။

သတင်းစဉ်