တရားမဝင် သစ်မျိုးစုံနှင့် စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၂၅

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၄ ရက်တွင် မွန်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့ များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သထုံမြို့၊ အောက်ကျင်းရပ်ကွက်၊ အောင်မြေရွှေဘုံ (၁)လမ်း၊ အိမ်အမှတ်(၃၉၅)နှင့် သထုံမြို့၊ အောက်ကျင်းရပ်ကွက်၊ အုတ်ဖိုတန်းလမ်း၊ အိမ်အမှတ်(၄၇၅-က)တို့၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Golden Mountain ခရုဆီ (၄၄၄)ပုလင်း၊ ပုစွန်နှစ်ကောင် စားအုန်းဆီ (၁)လီတာပါ (၉၆)ဘူး၊ (၂)လီတာပါ (၄၈)ဘူးနှင့် (၅)လီတာပါ (၁၂)ဘူး အပါအဝင် ကုန်ပစ္စည်း (၄၂)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၉၈၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

ထို့အတူ ဇွန် ၂၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒဂုံအရှေ့ပိုင်းခရိုင်၊
ကျန်စစ်သားလမ်းမကြီး၊ (၆)ရပ်ကွက်၊ အမှတ် (၆၇၄)၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ပုစွန်နှစ်ကောင်စားအုန်းဆီ (၁၈)လီတာပါ (၄၅)ဘူး (ခန့်မှန်းတန်ဖိုးငွေကျပ်
၂,၉၂၅,၀၀၀) ကိုလည်းကောင်း၊ ရွာသာကြီး
Dry Port ၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးနှင့် မန္တလေးမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးတို့ ပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော ဂျပန်နိုင်ငံထုတ်စက်ဘီး
(Used) (၂၅၀)စီးနှင့် တရုတ်နိုင်ငံထုတ် Screw Air Compressor(၂)လုံး အပါအဝင် ကုန်ပစ္စည်း(၄)မျိုး
(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂,၅၈၁,၅၇၅)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Ranger Truck (၁)စီး၊ Nissan Diesel Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇,၀၀၀,၀၀၀)ကိုလည်းကောင်း၊
စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂,၅၀၆,၅၇၅)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ဇွန် ၂၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်အတွင်း၌ တရားမဝင် အခြားသစ် (၈ ဒသမ ၃၇၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၁၃၈,၈၆၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဇွန် ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၇)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀,၆၃၀,၄၃၉) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)