တရားမဝင် သစ်မျိုးစုံနှင့် မော်တော်ယာဉ် ဖမ်းဆီးရမိ

နေပြည်တော် ဧပြီ ၁၇

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ၁၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်္ဂလာဒုံမြို့နယ်၌ လိုင်စင်မဲ့ Toyota Alphard မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဧပြီ ၁၇ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ်(၆ ဒသမ ၃၀၉)တန်၊ သစ်မာ(၁ ဒသမ ၀၃၀)တန် နှင့် အခြားသစ်(၁ ဒသမ ၁၇၆)တန် စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၃၉၃,၈၁၉)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဧပြီလ ၁၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထွက် ပန်းသစ်တော်သီး (၁၂၈)ဖာ၊ ပန်းသီးအကြီး (၂၇၄)ဖာ၊ လိမ္မော်သီးခြင်း (၆၅၀) အပါအဝင် စားသောက်ကုန်ပစ္စည်း (၁၀)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၇၀၃,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဧပြီ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၆)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇,၀၉၆,၈၁၉)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

သတင်းစဉ်