တရားမဝင် သစ်တောထွက်ပစ္စည်း၊ အီလက်ထရောနစ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ ၂၅

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် တနင်္သာရီတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ထားဝယ်မြို့၊ ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်၌ ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့စဉ် စက်တင်ဘာ ၂၁ ရက်တွင် မော်တော်ယာဉ်တစ်စီးပေါ်မှ ထိုင်းနိုင်ငံထုတ် အကောက်ခွန်မဲ့ Nanakid အမျိုးအစား ကလေးလေဆေး (၇၉) ကဒ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၈၉၆,၀၀၀)ကို အမျိုးသားဆေးဝါး ဥပဒေအရလည်းကောင်း၊ ခွင့်ပြုမိန့်မရှိဘဲ တရားမဝင် တင်ဆောင်လာသော မီးသွေးအိတ်များ ပိဿာ (၂၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၄၅,၀၀၀) ကို သစ်တောဥပဒေအရလည်းကောင်း ဖမ်းဆီးရမိခဲ့သည့် အပြင် စက်တင်ဘာ ၂၄ ရက်တွင် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင် ထိုင်းနိုင်ငံထုတ် အကောက်ခွန်မဲ့ Plant Nurtients Morakot Green 15-15-15 ဓာတ်မြေဩဇာ (၁၄၈) အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၈၄၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော NISSAN CONDOR PK2521 အမျိုးအစား Truck မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၂၂,၀၀၀,၀၀၀)ကို အကောက်ခွန်လုပ်ထုံး လုပ်နည်းအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆,၆၈၁,၀၀၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

mdn

အလားတူ စက်တင်ဘာ ၂၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြဝတီ - ဘားအံ - ရန်ကုန် လမ်းကြောင်း လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းကျေးရွာ အမှတ် (၂) လမ်းဆုံအနီး၌ စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဌာနခွဲ၊ (Mobile) အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော သန့်စင်ခန်းသုံးပစ္စည်းများ၊ မွေ့ယာ အခင်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၈,၁၈၁) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသော NissanTractor Head အမျိုးအစား မော်တော်ယာဉ် တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၈,၀၀၈,၁၈၁)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

mdn

ထို့အတူ စက်တင်ဘာ ၂၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က ကုန်သေတ္တာနှစ်လုံးအတွင်းမှ ရက်(၆၀)အတွင်း သွင်းကုန်လိုင်စင် မရရှိသော ဝိုင်ယာကြိုးများ (၅၉) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၅၈၂,၄၀၁) နှင့် သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်း မရှိသော လူသုံးကုန် ပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၁၁၇,၄၀၀)ကို လည်းကောင်း၊ မြန်မာစက်မှု ဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသော Hock & Tag (၈၆၇၀၀) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၁၃,၇၂၀) ကိုလည်းကောင်း၊ စုစုပေါင်း  (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆,၁၁၃,၅၂၁) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

 

mdn

ထို့ပြင် စက်တင်ဘာ ၂၄ ရက်တွင် ကရင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ် တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသော ရေအပူပေးစက် (၂၆) လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၆၀,၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် စက်တင်ဘာ ၂၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ Daihatsu Hijet S500J အမျိုးအစား လိုင်စင်မဲ့ PickUp မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၀၀၀,၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍  စက်တင်ဘာ ၂၁ ရက်၊ ၂၂ ရက်၊ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၀) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀,၃၆၂,၇၀၂) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်