တရားမဝင်ကုန်သွယ်မှုနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် ပြည်သူအများ ပူးပေါင်းပါဝင်

 

 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကို နိုင်ငံတော်က အလေးအနက်ထားကာ ဖိဖိစီးစီးဆောင်ရွက်လျက် ရှိသည်။ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသည့် အဟန့်အတား အနှောင့်အယှက်တစ်ခုဖြစ်သည့် တရားမဝင်ကုန်သွယ်မှုကို လုံးဝပပျောက်စေရေး ဆောင်ရွက်ရာတွင် ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ကုန်စည်များကို ဖမ်းဆီးရသည့် နိုင်ငံ့ဝန်ထမ်းများနှင့် တာဝန်သိစိတ်ဓာတ်ဖြင့် သတင်း ပေးသည့် ပြည်သူများမှာ လွန်စွာအရေးကြီးသည်။

 

“တရားမဝင်ကုန်သွယ်မှုများ ရှင်သန်ကြီးထွားနေသည့် အကြောင်းခြင်းရာများစွာရှိသည့်အနက် သိုဝှက်ရှောင်ကွင်း သယ်ဆောင်မှုများကြောင့် လွတ်သွားခြင်းများ ရှိသကဲ့သို့ ဝန်ထမ်းအချို့၏ ငွေကြေးရယူ ခွင့်ပြုမှုများကြောင့် တားဆီးနိုင်မှုမရှိခြင်းများလည်းရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် သစ္စာရှိရှိ တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း” ဖြင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၂) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ရာ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးတွင် ပါဝင်နေကြသည့် ဝန်ထမ်းအားလုံး စည်းမျဉ်း စည်းကမ်းကို လိုက်နာ၊ ကျင့်ဝတ်သိက္ခာကို စောင့်ထိန်း၊ တာဝန်ကို ကျေပွန်ကြပါမှ ရေရှည် တွင် အောင်မြင်မှုရနိုင်မည်ကို ထောက်ပြခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံ့ဝန်ထမ်းများဟူသည် တိုင်းပြုပြည်ပြုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် တစ်နည်းအားဖြင့် နိုင်ငံတော်တည်ဆောက်ရာတွင် အစိုးရ၏ မူဝါဒများနှင့်အညီ အကောင်အထည်ဖော်ကြသူများ ဖြစ်ကြပြီး ဝန်ထမ်းများ၏ ကျွမ်းကျင်မှု၊ အရည်အချင်း၊ လုံ့လဝီရိယနှင့် အလုပ်အပေါ်၊ နိုင်ငံအပေါ် သစ္စာစောင့်သိမှုတို့ က နိုင်ငံနှင့် ပြည်သူလူထုအတွက် လွန်စွာအရေးကြီးသည်။ ဝန်ထမ်းတစ်ဦးဖြစ်လာသည်နှင့် တာဝန်၊ စည်းကမ်းနှင့် ကျင့်ဝတ်များ၊ ခံစားခွင့်များ၊ ဌာနဆိုင်ရာ အရေးယူခြင်းနှင့် ပြစ်မှုပြစ်ဒဏ်များ တိတိကျကျ ပြဋ္ဌာန်းထားပြီးဖြစ်သည်ကို ဝန်ထမ်းတိုင်း မမေ့လျော့ကြရန်လိုသည်။ တရားမဝင်ကုန်သွယ်မှုနှင့် အဂတိလိုက်စားမှုတို့သည် အပြန်အလှန် အမှီသဟဲပြုနေပြီး နိုင်ငံနှင့်ပြည်သူအတွက် အဘက်ဘက်မှ ယုတ်လျော့ကျဆင်း နှောင့်ယှက်ပျက်စီးစေမှုများမှာ ရေး၍ပြော၍မကုန်အောင် များပြားလှသည်။ တရားမဝင်ကုန်သွယ်မှုနှင့် အဂတိလိုက်စားမှုတို့၏ အကျိုးဆက်များကြောင့် မိမိတို့ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေရခြင်းဖြစ်ရာ ကုန်သည်လောကနှင့် ဝန်ထမ်းလောကထဲမှ ဝိသမလောဘသမားတို့ကို ဖော်ထုတ်နှိမ်နင်းနိုင်ရေးအတွက် ပြည်သူများပူးပေါင်းပါဝင်ကြရန် လိုအပ်သည်။

 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအတွက် တရားမဝင်ကုန်စည်များ တားဆီးဖမ်းဆီးနိုင်ရေး တာဝန်သိပြည်သူများက သတင်းအချက်အလက်များ ပေးပို့ကြရန် အသိပေးနှိုးဆော်ထားသကဲ့သို့ပင် အဂတိလိုက်စားမှုများ တားဆီး ကာကွယ်ရေးအတွက် အများပြည်သူထံမှ တုံ့ပြန်မှုအစီအစဉ်များကို နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးကြေညာ၍ ဖိတ်ခေါ်လျက်ရှိရာ တာဝန်သိစွာ သတင်းပေးပို့ကြခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူအများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးတို့၏ အန္တရာယ်များကို ဝိုင်းဝန်းတိုက်ဖျက် နိုင်ကြပါစေကြောင်း။

 

မြန်မာ့အလင်း