တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အပေါ် အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် မေ ၁၇ 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၂)၏ ဆုံးဖြတ်ချက်အရ “တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး လုပ်ငန်းများ တွင် ပါဝင်ဆောင်ရွက်ရမည့် ဝန်ထမ်းများအား နယ်စခန်းများနှင့် စစ်ဆေးရေးစခန်းများသို့ စေလွှတ်မည့် အချိန်ကာလအား သက်ဆိုင်ရာဝန်ကြီး ဌာနများအကြား ညှိနှိုင်းသတ်မှတ်ရန်” ကိစ္စနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်း၌ ကျင်းပသည်။

အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနှင့် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီရုံးတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြ သည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာတိုက်ဖျက် နိုင်ရန်အတွက် ဌာနအသီးသီးမှ ဝန်ထမ်းများကို နယ်စခန်းများနှင့် စစ်ဆေးရေးစခန်းများသို့ စေလွှတ်မည့် အချိန်ကာလအား  မည်ကဲ့သို့ စေလွှတ်တာဝန် ထမ်းဆောင်စေမည်နှင့် အချိန်ကာလ မည်မျှထား၍ ဆောင်ရွက်သင့်သည်တို့ကို ဝိုင်းဝန်းဆွေးနွေး ညှိနှိုင်းပေးကြရန်နှင့် ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများက သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ချထားမှုနှင့် အချိန်ကာလတို့ကို ဝိုင်းဝန်းအကြံပြု တင်ပြ ခဲ့ကြသည်။ 

(သတင်းစဉ်)