တရားမဝင်နယ်စပ်ဖြတ်ကျော် အန္တရာယ် အားလုံးဝိုင်းပြီး တားဆီးကာကွယ်

ဇွန် ၁၆

 

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံအချို့မှာ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုနှုန်း မြင့်မားလာနေသည်။ အရှေ့မြောက်ဘက်မှ အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု ပြန်လည်ဖြစ်ပွား လာခြင်းကြောင့် ကပ်ရောဂါ ဒုတိယလှိုင်းရိုက်ခတ်မှု စတင်ပြီလားဆိုသည့် မေးခွန်းနှင့်အတူ စိုးရိမ်ပူပန်မှုများ ပြန်လည်ဖြစ်ပေါ်နေကြရပြီ။ အနောက်ဘက်မှ အိမ်နီးချင်း အိန္ဒိယတွင်မူ ကူးစက်မှုနှုန်း မြင့်တက်နေမှုကြောင့် ရထားတွဲများကို ကိုဗစ်-၁၉ လူနာများ ထားရှိကုသရန် ဆေးရုံဆောင်များအဖြစ် မွမ်းမံပြင်ဆင်နေကြရသလို များပြားလာမည့် လူနာများအတွက် လူနာခုတင်များ လိုအပ်ချက် ဖြည့်ဆည်းပေးရမည့်အရေး ရတက်မအေးဖွယ်ဖြစ်နေကြရသည်။

 

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကောက်ဘဇားတွင်လည်း ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေအပေါ် အမြင့်ဆုံး တပ်လှန့်ထားသည်ဟုဆိုပြီး တစ်ဖက်နိုင်ငံမှ မြန်မာနိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက်မှုများရှိနေသည်ဟု သတင်းများကြားရသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပေါ်သည်မှ နှစ်ဝက်ခန့် ကာလအတွင်း ကမ္ဘာတစ်ခွင်၌ ကူးစက်ခံရသူ ရှစ်သန်းခန့်ရှိလာပြီး ရောဂါကြောင့် သေဆုံးသူမှာ လေးသိန်းကျော်ရှိလာသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရောဂါကူးစက်မှု တားဆီးထိန်းချုပ်နိုင်ရေးအတွက် နယ်စပ်ဝင်ထွက်ပေါက်များ ပိတ်ခြင်း၊  လေကြောင်းပျံသန်းမှုနှင့် လေယာဉ်ဆင်းသက်ခွင့်များ ယာယီရပ်ဆိုင်းခြင်းတို့ကို ကမ္ဘာ့နိုင်ငံအသီးသီးတို့ ကိုယ့်အခြေအနေပေါ် မူတည်ပြီး ပြုလုပ်နေကြရသည်။ မိမိတို့နိုင်ငံသည်လည်း နိုင်ငံသူနိုင်ငံသားတို့၏ လူမှုရေး၊ စီးပွားရေးတို့ ထိခိုက်မှု နည်းနိုင်သမျှနည်းရန် ချိန်ချိန်ဆဆဖြင့် တားဆီးပိတ်ဆို့မှုတို့ ပြုလုပ်ပေးနေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှ လာရောက်မည့်သူများကို ဗီဇာထုတ်ပေးမှု ယာယီရပ်ဆိုင်းခြင်း၊ လေကြောင်းပျံသန်းမှုများ ယာယီရပ်ဆိုင်းထားခြင်းတို့ ပြုလုပ်နေသော်လည်း မိမိနိုင်ငံသားများ နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်မှုကို လက်ခံခွင့်ပြုပေးနေသည်။ ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံနေသူများကို ကယ်ဆယ်ရေး လေယာဉ်၊ အထူးလေယာဉ် အစီအစဉ်များဖြင့် ပြန်လည်ခေါ်ဆောင် လျက်ရှိသည်။

 

ယင်းသို့သော အခြေအနေတွင် နိုင်ငံအတွင်းသို့ ပြန်လည် ဝင်ရောက်လာသူများအနက် တရားဝင် နယ်စပ်ဂိတ်များမှမဝင်ဘဲ ကျန်းမာရေး စစ်ဆေးမှုနှင့် စောင့်ကြည့်ရေးစခန်းများတွင် စောင့်ကြည့်မှုတို့ကို ရှောင်လွှဲရန် တရားမဝင်ခိုးပေါက်များမှ ဝင်ရောက်မှုများရှိနေကြောင်း သိရှိရသည်။ ယင်းသို့ ခိုးဝင်လာသူများတွင် ရောဂါပါရှိလာပါက ၎င်းပြန်ဝင်လာသည့် လမ်းတစ်လျှောက် ထိတွေ့ဆက်ဆံခဲ့သူများ၊ လက်ခံထားရှိသူများ၊ မိသားစုဝင်များ တစ်နွယ်ငင်တစ်စင်ပါ ဆိုသလို ရောဂါကူးစက်ခံကြရမှာဖြစ်သည်။ ထို့အပြင် တရားဥပဒေကလည်း မနေ။ ခိုးဝင်လာသူကိုရော ခိုးဝင်လာမှန်းသိလျက်နှင့် လက်ခံခဲ့သူတို့ပါ အရေးယူခံကြရမှာ ဖြစ်သည်။ ယင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “... တရားမဝင်နယ်စပ် ဖြတ်ကျော်တဲ့ အန္တရာယ်ကို အားလုံးဝိုင်းပြီး ကာကွယ်တားဆီးပေးဖို့ လိုပါကြောင်း၊ တိတ်တခိုးဝင်လာသူတွေ Quarantine မဝင်ကြကြောင်း၊ ရောဂါပိုးရှိနေရင် အခြားသူများစွာကို ကူးစက်သွားနိုင်ပါကြောင်း၊ contact tracing ထိတွေ့မှုကြောင့် ရောဂါကူးသွားနိုင်ဖွယ် ရှိသူများကို စုံစမ်းရှာဖွေ Quarantine သွင်းရတဲ့ အလုပ်ဟာ နိုင်ငံအတွက်ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်ပါကြောင်း၊ ပြည်သူတွေ အန္တရာယ်ကင်းစေဖို့ မဖြစ်မနေထမ်းရတဲ့ ဝန်ဖြစ်ပါကြောင်း...” စသည်ဖြင့် ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါကို နိုင်နိုင်နင်းနင်း တားဆီးထိန်းချုပ်နိုင်သည့် အချိန်၊ ကာကွယ်ဆေး၊ ကုသဆေးတို့ ပေါ်ပေါက်လာသည့်အချိန် ရောက်သည်အထိ အကန့်အသတ် အတားအဆီးတို့ ပြုလုပ်နေရဦးမှာ ဖြစ်ရာအားလုံးက လိုက်နာကျင့်သုံးကြဖို့လိုသည်။ ရောဂါအခြေအနေ မကောင်း၍ ကြာကြာပိတ်ဆို့ထားရပါကနိုင်ငံရော ပြည်သူပါ နစ်နာဆုံးရှုံးကြရမှာဖြစ်သည်။ အထူးသဖြင့် အခြေခံလူတန်းစားတို့မှာ အထိခိုက်အခံရဆုံး ဖြစ်လာမည်ဖြစ်ရာ မိမိတို့၏ မိသားစုများအပါအဝင် နိုင်ငံနှင့်ပြည်သူပါ နစ်နာဆုံးရှုံးမှု မဖြစ်စေရေးအတွက် ခိုးဝင်မှုနှင့် ခိုးဝင်သူကို လက်ခံမှုများကို ဝိုင်းဝန်းဖော်ထုတ်နိုင်ကြပါစေကြောင်း။ ။

 

မြန်မာ့အလင်း