တရားမဝင်ရထားလမ်းကူးများတွင် ဖြစ်ပွားလျက်ရှိသော မတော်တဆမှုများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကျင်းပ

ရန်ကုန်  ၁၅   ဇွန် 

 

မြန်မာ့မီးရထား၏ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် မေလအထိ တရားမဝင်ရထားလမ်းကူးများတွင် ဖြစ်ပွားလျက်ရှိသော မတော်တဆမှုများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်ဘူတာကြီး၌ ကျင်းပခဲ့သည်။ 

 

“မြန်မာ့မီးရထားမှာ ကားလမ်းကူးတွေ ရှိပါတယ်။ ကားလမ်းကူးကို Level Crossing လို့ခေါ်ပါတယ်။ အဲဒီ Level Crossing တွေမှာ တစ်ချို့က မြန်မာ့မီးရထားကနေ တာဝန်ယူဖွင့်လှစ်ထားတဲ့ တရားဝင် Level Crossing တွေ ရှိသလို တစ်ချို့နေရာတွေမှာ မီးရထားက တာဝန်ယူဖွင့်လှစ်ထားခြင်းမရှိဘဲနဲ့ ကိုယ့်သဘော နဲ့ကိုယ် ဖွင့်လှစ်ထားတဲ့ တရားမဝင် Level Crossing တွေရှိပါတယ်။ တိုးတက်လာတဲ့ခေတ်ကြီးမှာ စက်တပ်ယာဉ်တွေအသုံးပြုပြီးတော့ ရထားလမ်းကို တရားဝင် Level Crossing က ဖြတ်သန်းတဲ့အချိန်မှာ ရထားနဲ့တိုက်မိတဲ့ ဖြစ်စဉ်တွေဖြစ်သလို၊ တရားမဝင် Level Crossing တွေက ဖြတ်သန်းတဲ့အချိန်မှာ ရထား နဲ့တိုက်မိမှုဖြစ်စဉ်တွေ အများကြီးဖြစ်လျက်ရှိပါတယ်” ဟု မြန်မာ့မီးရထား(ရုံးချုပ်) အထွေထွေမန်နေဂျာ (သွားလာပို့ဆောင်ရေး) ဦးကျော်ကျော်မျိုးက ပြောကြားသည်။  

 

၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ မေလအထိ ၈ လတာကာလအတွင်း မြန်မာ့မီးရထား၌ ဖြစ်ပွားခဲ့ သော မတော်တဆမှုမှာ ယခင်နှစ်က  ၂၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ယခုနှစ်တွင် ၁၇၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့အတွက်ကြောင့် ယခင်နှစ်ကထက်စာလျှင် ၄၁ ကြိမ် လျော့နည်းခဲ့ကြောင်း တွေ့ရသည်။ ရထား လမ်းကူးနေရာများတွင် ဖြစ်ပွားခဲ့သော မတော်တဆမှုများမှာ ယခင်နှစ်က အကြိမ် ၆၀ ဖြစ်ပွားခဲ့ပြီး ယခု နှစ်တွင် ၃၇ ကြိမ်သာဖြစ်ပွားခဲ့သည့်အတွက် ၂၃ ကြိမ်လျော့နည်းလာခဲ့ကြောင်း တွေ့ရသည်။ 

 

မြန်မာ့မီးရထား ရထားလမ်းကူးနေရာများ၌ ဖြစ်ပွားခဲ့သော မတော်တဆဖြစ်မှုများတွင် သေဆုံးဒဏ်ရာရသူ များစာရင်းအရ ယခင်နှစ်က ဒဏ်ရာရသူ ၃၉ ဦးရှိပြီး ယခုနှစ်တွင် ဒဏ်ရာရသူ ၁၅ ဦးသာရှိသည့်အတွက် ၂၄ ဦးလျော့နည်း လာခဲ့ကြောင်း တွေ့ရသည်။ သေဆုံးသူအနေဖြင့် ယခင်နှစ်က ၆ ဦး သေဆုံး ခဲ့သော်လည်း ယခုနှစ်တွင် ၅ ဦး သေဆုံးခဲ့သည့်အတွက် တစ်ဦးလျော့နည်းခဲ့သည်ကို တွေ့ရသည်။ 

 

ရထားလမ်းကူးနေရာများတွင် ရထားဖြင့်တိုက်မိသည့်ဖြစ်စဉ်များ၌ စက်တပ်ယာဉ်များဖြစ်သည့် ကား၊ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ ထော်လာဂျီ၊ ဒိုဇာ တို့ဖြင့် တိုက်မိမှုများဖြစ်ပွားခဲ့ပြီး ကားဖြင့် တိုက်မိမှုဖြစ်စဉ် မှာ ၁၅ ကြိမ်အထိဖြစ်ပွားခဲ့ကာ အကြိမ်အရေအတွက်အများဆုံးဖြစ်ပြီး ဒဏ်ရာရသူ ၄ ဦးရှိခဲ့သည်။ ဒုတိယ အများဆုံးမှာ ဆိုင်ကယ်ဖြင့် တိုက်မိမှုများဖြစ်ပြီး ၁၂ ကြိမ်အထိဖြစ်ပွားကာ ၈ ဦး ဒဏ်ရာရ၍ လေးဦးသေဆုံး ခဲ့သည်။

 

အဆိုပါဖြစ်စဉ်များ မဖြစ်ပွားစေရေးအတွက် လွန်ခဲ့သော ၃ နှစ်ခန့်မှစ၍ ပညာပေးလုပ်ငန်းများ စတင်ဆောင် ရွက်ခဲ့ပြီး မီဒီယာများမှတစ်ဆင့် အကြိမ်ပေါင်းများစွာ ပြည်သူများအား အသိပညာပေးခြင်း၊ မြို့နှင့် ကျေးရွာ များ၊ ကျောင်းများတွင်လက်တွေ့ကွင်းဆင်းအသိပညာဖြန့်ဝေခြင်း၊ ဟောပြောခြင်းများ၊ လက်ကမ်း စာစောင် များ ဝေငှခြင်းအစရှိသော ပညာပေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ထိုသို့ လုပ်ဆောင်နိုင်မှု ကြောင့် ရထားလမ်းကူးနေရာများတွင် ဖြစ်ပွားသော ရထားတိုက်မှုများ လျော့နည်းကျဆင်းခဲ့သော်လည်း  ၂၀၁၉ ခုနှစ် မတ်၊ ဧပြီ၊ မေလများ၌ မတော်တဆဖြစ်မှုများ ပြန်လည်မြင့်တက်လာသည့်အတွက် ပြည်သူ များအား အသိပညာပေးမှုများ တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

မြန်မာ့မီးရထားအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တရားဝင်ဖွင့်လှစ်ထားသော ရထားလမ်းကူးဂိတ် ၁၆၆၇ ခုရှိပြီး၊ ပြည်သူများ ဖြတ်သန်းနေကြသော တရားမဝင် ရထားလမ်းကူးနေရာ ၂၄၈၅ ခုရှိကြောင်း သိ ရသည်။ မြန်မာ့မီးရထားအနေဖြင့် ရထားလမ်းကူးနေရာများတွင် ဖြစ်ပွားတတ်သော မတော်တဆဖြစ်ရပ်များ လျော့နည်းရေးအတွက် အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်လည်း အသိပညာပေးမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း၊ ဓာတ်ပုံ - ထိန်လင်း

 

DSC_39