တရားမဝင်သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်၊ ဧပြီ ၂၈

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ
အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဧပြီ ၂၆ ရက်တွင် အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Submersible Pump (၂၀၀)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၃၀၀,၀၀၀)ကိုလည်းကောင်း၊ ဧပြီ ၂၇ ရက်တွင် မြန်မာစက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Mouse Trap (၄၇၀၀) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၈၅၇,၀၀၀)ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ ခရီးသည်၏ ဝန်စည်အတွင်းမှ တရားဝင် စာရွက်စာတမ်းတစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် The Chaeum Premium (3 Syringe Filler) (၁၆)ခု အပါအဝင် Cosmetics (၉)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၈,၁၅၀,၀၀၀)ကိုလည်းကောင်း၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ မူဆယ်မြို့မှ မန္တလေးမြို့ သို့မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးအား စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမို တင်ဆောင်လာသည့် KNK Brand New Truck Car Spare Parts (၉၀၀)ကီလိုဂရမ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၄,၇၂၅,၀၅၄)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Nissan Diesel Truck မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၅,၀၃၂,၀၅၄)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထပ်မံ၍ ဧပြီ ၂၇ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့သွားရောက်မည့် မော်တော်ယာဉ်(၂)စီးအား စစ်ဆေးခဲ့ရာ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် INDUS Lady Slipper ဖိနပ် (၂၄၀)ရံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၄၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် ဧပြီ ၂၇ ရက်တွင် ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ကျိုင်းတုံမြို့(တိုးဂိတ်)အကျော်၌ တာချီလိတ်မြို့မှ လားရှိုးမြို့သို့ သွားရောက်မည့် မော်တော်ယာဉ်(၁)စီးအား စစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်း
အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့်
Trane Diesel Engine Oil (၁၀)ဖာ အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၁၃၂,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ဧပြီလ ၂၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မုံရွာမြို့နယ်သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့များက မုံရွာမြို့၊ ကျွဲရဲ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် ပိတောက်ခွဲသား (၆ ဒသမ ၇၃၁)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၈၈၅,၉၇၆) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် ဧပြီ ၂၈ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သာယာဝတီခရိုင်အတွင်း တရားမဝင်သစ် သစ်မာ (၀ ဒသမ ၇၇၂) တန်နှင့်အခြားသစ် (၁ ဒသမ ၁၆၂)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၃၃,၆၇၀)ကို သစ်တောဥပဒေအရ လည်းကောင်း၊ တောင်ငူမြို့မရဲစခန်းမှ စစ်ဆေးရေးအဖွဲ့က ကင်းလှည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူမြို့၊ ခပေါင်းတံတားအဆင်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် တရားဝင်စာရွက်စာ တမ်း အထောက် အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် Nissan Wingroad မော်တော်ယာဉ်(၁) စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေ အရလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၂၃၃,၆၇၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဧပြီ ၂၆ ရက်၊ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၀)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၃,၆၈၃,၇၀၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

(သတင်းစဉ်)