နေပြည်တော် ဒီဇင်ဘာ ၇
တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ဦးစွာ အဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး က နယ်မြေဒေသ အခြေအနေအရ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့နှင့်အဖွဲ့ခွဲများ၏ အဓိကလုပ်ငန်းဖြစ်သော ပြည်သူတို့၏ တိုင်ကြားစာများကို စံလုပ်ထုံး လုပ်နည်းများနှင့်အညီ တတ်နိုင်သမျှ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဖွဲ့ခွဲများအနေဖြင့် ပြည်သူများ အသိပညာပြန့်ပွားရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဥပဒေအသိပညာပေးခြင်း၊ သင်တန်းများဖွင့်လှစ်ပေးခြင်းတို့ကို တတ်နိုင်သမျှ ဆောင်ရွက်ပေးစေလိုကြောင်းနှင့် ယနေ့အစည်းအဝေးတွင် တက်ရောက်လာကြသူများက မိမိတို့အဖွဲ့အနေဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်း စပ်ညှိနှိုင်းရာတွင် ပြည်သူများ၏ ဥပဒေရေးရာနစ်နာမှုများနှင့် စပ်လျဉ်း၍ လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေအောင် မည်သို့ဆက်လက် လုပ်ဆောင်ကြမည်ကို ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း။
တရား ဥပဒေစိုးမိုးရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ တရားမျှတမှု လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲမှူးချုပ်က ဥက္ကဋ္ဌ အဖြစ်လည်းကောင်း ပါဝင်လျှက် သက်ဆိုင်ရာ အစိုးရ ဌာန၊ အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ ပါဝင်ပါကြောင်း၊ အဆိုပါ ကော်မတီနှစ်ရပ်မှ တရားဥပ ဒေစိုးမိုးရေးနှင့် တရားမျှတမှုလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက တရားဥပဒေစိုးမိုးရေးနှင့် တရားမျှ တမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ရန် အကြံပြုချက် များ၊ ဥပဒေ အသိပညာပေး ဆွေးနွေးပွဲများ ကျင်းပမည့်အစီအစဉ်များနှင့် ပြည်သူလူထု၏ ယုံကြည် ကိုးစားမှုရရှိအောင် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ဝိုင်းဝန်းဆွေးနွေးကြသည်။
အစည်းအဝေးသို့ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့၏ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲများမှ အဖွဲ့ဝင်များကလည်း အွန်လိုင်းဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်