ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့သို့ နိုင်ငံတော်အဆင့် တရားဝင် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့မှ အဖွဲ့ဝင်များ၏ စကားသံများ

ဦးကိုကိုလွင်

ပြည်ထောင်စုဝန်ကြီး စွမ်းအင်ဝန်ကြီးဌာန

ရုရှားနဲ့ဘယ်လာရုစ်နဲ့က ကျွန်တော်နှစ်နိုင်ငံလုံးနဲ့က ရင်းနှီးနေတာကြာပါပြီ။ ဒီနှစ်နိုင်ငံလုံး ကိုလည်း ကျွန်တော် အကြိမ်တော်တော်များများ ရောက်ဖူးပါတယ်။ နံပါတ်တစ် ရုရှားပေါ့နော်။ ရုရှားအနေနဲ့ကတော့ ဒီခရီးစဉ်က State Visit ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ စွမ်းအင် ဝန်ကြီးဌာနအနေနဲ့လည်း လုပ်ဆောင်ရမယ့်လုပ်ငန်းတွေကိုလည်း သေချာပြင်ဆင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ရုရှားကို စွမ်းအင်ကိစ္စနဲ့ တစ်ခါလာခဲ့ပြီးပါပြီ။ စွမ်းအင်ဝန်ကြီးနဲ့လည်း ကျွန်တော်တွေ့ခဲ့ပါပြီ။ ဒီတစ်ခေါက်မှာလည်း နိုင်ငံတော်အကြီးအကဲနဲ့ နှစ်ဖက်အကြီးအကဲနှစ်ဦး တွေ့ဆုံခဲ့တဲ့အပေါ်မှာ စွမ်းအင်ကဏ္ဍနဲ့ ပတ်သက်တဲ့ သဘောတူညီချက်တွေအပေါ်မှာ ကျွန်တော် သီးခြားစွမ်းအင်ဝန်ကြီးဌာနက ပထမ၊ ဒုတိယ ဝန်ကြီးနဲ့သက်ဆိုင်ရာ ကုမ္ပဏီက အဖွဲ့အစည်းတွေနဲ့ ကျွန်တော်တွေ့ဆုံပြီးတော့ ဆွေးနွေးနိုင်ခဲ့ပါတယ်။ ရုရှားကဆိုရင် စွမ်းအင် လုံခြုံရေးနဲ့ စွမ်းအင်ဖူလုံရေးအတွက် အလွန်ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်နေတဲ့ နိုင်ငံတစ်ခုလို့ ကျွန်တော်မြင်ပါတယ်။ ဒါကြောင့်မို့လည်း ရုရှားက ဒီနေ့ဒီအချိန်မှာ ဒီလိုရပ်တည်နိုင်တယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒီအပေါ်မှာလည်း ကျွန်တော်အများကြီးအားကျပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တော်တော်များများလည်း ဆွေးနွေးနိုင်ခဲ့ပါတယ်။ နောက် ဘယ်လာရုစ်ပေါ့။ ဘယ်လာရုစ်ကတော့ လယ်ယာစိုက်ပျိုးရေးကို အခြေခံတယ်။ ကျွန်တော်တို့ နိုင်ငံတော်အကြီးအကဲကလည်း စိုက်ပျိုးရေးကို အခြေခံတဲ့ ထုက်ကုန်တွေ၊ ကုန်ထုက်လုပ်မှုတွေ အများကြီးမြှင့်တင်ချင်တယ်။ ဒီအတွက်ကြောင့် ကျွန်တော်တို့က Mechanize farm ကို သွားရမှာပေါ့။ ကျွန်တော်တို့ သွားဖို့လည်းလုပ်နေကြပါပြီ။ ဒီအပေါ်မှာ ဘယ်လာရုစ်နဲ့ ပူးပေါင်းခြင်းက အင်မတန်မှန်ကန်တယ်။ ကောင်းမွန်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ဘယ်လာရုစ်က သူတို့ ဖိုရမ်မှာလည်း ပြောသွားပါတယ်။ စိုက်ပျိုးရေးကဏ္ဍကကိုပဲ ပြီးခဲ့တဲ့နှစ်က ငါးဘီလီယံကျော် ဝင်ငွေရခဲ့တဲ့အတွက် အလွန်အားကျဖို့ကောင်းပါတယ်။ ကျွန်တော်တို့လည်း ဒီလိုမလုပ်နိုင်စရာမရှိပါဘူး။ ကျွန်တော်တို့ ကြိုးစားလုပ်ရင်ရပါတယ်။ ဘယ်လာရုစ်နဲ့ ပတ်သက်ပြီးတော့ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့နည်း ပညာတွေ၊ စိုက်ပျိုးရေးကို ကျွန်တော်တို့ Mechanize farm ဖြစ်အောင် လိုအပ်တဲ့စက်ပစ္စည်းကိရိယာ တွေထုက်လုပ်ဖို့အတွက် ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ ခြုံပြီးပြောရရင် ဘယ်လာရုစ်နဲ့ ရုရှားနှစ်နိုင်ငံလုံးက အင်မတန် စနစ်ကောင်းပါတယ်။ ကျွန်တော်သူတို့နဲ့တွဲပြီးတော့ ဆယ်စုနှစ်တစ်စုကျော်ပါပြီ ကျွန်တော် လုပ်ခဲ့တာ။ အင်မတန်စနစ်ကောင်းပါတယ်။အတုယူဖို့လည်းကောင်းပါတယ်။ ကျွန်တော်တို့ နိုင်ငံ စွမ်းအင်ဖူလုံရေးနဲ့ လုံခြုံရေးအတွက် ကြိုးစားဆောင်ရွက်ပါမယ်။ ကျွန်တော်တို့နိုင်ငံမှာ ထိုက်သင့်သလောက် စွမ်းအင်အရင်းအမြစ်တွေရှိတယ်။ နံပါတ်တစ် ကျွန်တော်တို့က မရှာဖွေနိုင်သေးဘူး။ ပြီးပြည့်စုံအောင်မရှာဖွေနိုင်သေးဘူး။ ဒီအတွက်ကြောင့် ကျွန်တော်တို့က ရုရှားရဲ့နည်းပညာအကူအညီရယူပြီး ပူးပေါင်းဆောင်ရွက်မယ်။ နံပါတ်နှစ်က ရှာဖွေလို့ တွေ့ပြီဆိုရင်လည်း ကျွန်တော်တို့က ထိထိရောက်ရောက် တူးဖော်နိုင်အောင် လုပ်ရမယ်။ ဒီအပိုင်း ကိုလည်း ကျွန်တော်တို့က ရုရှားနဲ့ပူးပေါင်းဆောင်ရွက်ရမယ်။ နောက်ပြီးတော့ ကျွန်တော်တို့ နိုင်ငံရဲ့ ပထဝီအနေအထားအရ အင်မတန်ကောင်း မွန်တဲ့နေရာရှိပါတယ်။ စွမ်းအင်ကုန်သွယ်မှုကို ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။ အထူးသဖြင့် Energy Terminal ဟာမျိုးတွေ။ ကျွန်တော်တို့မှာ နိုင်ငံတကာကိုတင်ပို့နိုင်တဲ့၊ ထိုင်းနဲ့တရုတ်ကို တင်ပို့နိုင်တဲ့ ပိုက်လိုင်းတွေ ရှိတယ်။ ကျွန်တော်တို့ ရေနက်ဆိပ်ကမ်းတွေရှိတယ်။ Energy Terminal ဆောက်ဖို့ နေရာကောင်းတွေ ရှိတယ်။ ဒီနေရာ Energy Terminal တွေဆောက်မယ်။ ဒီပိုက်လိုင်း တွေနဲ့ ကျွန်တော်တို့ပို့မယ်၊ ကျွန်တော်တို့နိုင်ငံရဲ့ သဘာဝဓာတ်ငွေ့ လုံလောက်အောင်လည်း အဲဒီက ရယူမယ်။ ရေနံချက်စက်ရုံတွေ ဆောက်မယ်။ စက်သုံးဆီကို သွင်းရတဲ့ဟာ နောက်ဆိုရင် ရှိမှာ မဟုတ်တော့ဘူး။ ကျွန်တော်တို့ကိုယ်တိုင် ချက်လုပ်ပြီးတော့သုံးစွဲမယ်။ နောက် ဓာတ်မြေဩဇာတွေ ချက်လုပ်မယ်။ ဒါက ကျွန်တော့်ကဏ္ဍပါ။ ဒီအပိုင်းကို လုပ်ဖို့အတွက် ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မယ်။ ကျွန်တော့် အတွက်လည်း အလွန်ပဲအတွေ့အကြုံရတဲ့ ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ဝန်ကြီးဌာန လုပ်ဆောင်နေတာကို ပြည်သူတွေသိမှလည်း၊ ပြည်သူတွေ လိုက်ပါဆောင်ရွက်မှလည်း၊ ပြည်သူ တွေ ကူညီမှလည်း အောင်မြင်မှာဖြစ်ပါတယ်။

 

ဒေါက်တာမျိုးသိန်းကျော်

ပြည်ထောင်စုဝန်ကြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

ကျွန်တော်တို့သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနဆိုတာကတော့ အဓိကအားဖြင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ သိပ္ပံနဲ့နည်းပညာဖွံ့ဖြိုး တက်ရေး နိုင်ငံအတွက် ဒါတွေ တစ်ထောင့် တစ်နေရာက တာဝန်ယူနေရတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုတာကလည်း သိပ္ပံနဲ့နည်းပညာဆိုင်ရာမှာ တကယ့်ကမ္ဘာ့ထိပ်တန်းနိုင်ငံပါ။ လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက္ကသိုလ်တွေကလည်း တကယ့်အဆင့်မြင့် တဲ့ တက္ကသိုလ်တွေပါ။ ဒါကြောင့်မို့ ကျွန်တော်တို့ နိုင်ငံအတွက်တော့ ဒီသိပ္ပံနဲ့ နည်းပညာဖွံ့ဖြိုးတိုး တက်ရေးကော လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးပါ တန်ဖိုးမဖြတ်နိုင်တဲ့အတွေ့အကြုံတွေ ရရှိခဲ့တယ်လို့ပြောလိုပါတယ်။ ပထမတစ်ချက် အနေနဲ့ကတော့ လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးပါ။ ဘယ်နေရာမဆို အခြေခံအကျဆုံးက လူသားအရင်းအမြစ်ပဲ။ ဒီလူသား အရင်းအမြစ်ကို တကယ့်ကိုလက်တွေ့ကျကျ ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ပေး နိုင်ဖို့အတွက် နားလည်မှုတွေ၊ အပြန်အလှန် လက်မှတ်ရေးထိုးနိုင်ခဲ့တာတွေရှိပါတယ်။ ဒါတွေဟာ ကျွန်တော်တို့နိုင်ငံအတွက်အားပါပဲ။ တစ်ချိန်မှာ ကျွန်တော်တို့နိုင်ငံ တိုးတက်ဖွံ့ဖြိုးမှု ဖြစ်စေဖို့ အတွက် အခြေခံအုတ်မြစ်တွေလို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ ဒါ့အပြင် ရုရှားနိုင်ငံဆိုတာက တကယ့်နည်းပညာပိုင်းဆိုင်ရာမှာလည်း ထိပ်တန်းနိုင်ငံပါ။ အဏုမြူစွမ်းအင်ဆိုရင်လည်း တကယ့်ထိပ်တန်းနိုင်ငံပါပဲ။ အဏုမြူစွမ်းအင်ဆိုတာကလည်း တကယ်တော့ ငြိမ်းချမ်းတဲ့ နယ်ပယ်မှာ၊ နေရာကဏ္ဍအစုံအလင်မှာ အသုံးချလို့ရပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ အတွက် အကျိုးကျေးဇူးတွေဖြစ်လာမှာပါ။ ဒါ့အပြင် အာကာသမှာလည်း ရုရှားနိုင်ငံဆိုတာ တကယ့် ထိပ်တန်း ရောက်နေတဲ့နိုင်ငံပါ။ ပထမဆုံးဂြိုဟ်တု လွှတ်တင်နိုင်ခဲ့တယ်။ အာကာသထဲကို ပထမဆုံးလူသားပေးပို့နိုင်ခဲ့တယ်။ ဒီလိုနိုင်ငံဆီကနေ ကျွန်တော်တို့ အတွေ့အကြုံတွေ မျှဝေခွင့်ရတယ်၊ ပညာလေ့လာခွင့်ရတယ်ဆိုတာ ကျွန်တော်တို့နိုင်ငံအတွက် အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေပါပဲလို့ ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်။ ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း အုတ်တစ်ချပ်၊ သဲတစ်ပွင့်ဖြစ်လာလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ လေးလေးနက်နက်ကို ယုံကြည်ပါတယ်လို့ ပြောလိုပါတယ်။

 

ဦးအေးဝင်း

ဥက္ကဋ္ဌ (UMFCCI) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ  အသင်းချုပ်

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့မှာ ပြီးခဲ့တဲ့ မတ် ၄ ရက်တုန်းက ရုရှား-မြန်မာ Business Forum တစ်ခုကို ကျွန်တော်တို့ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီ Forum မှာ ကျွန်တော်တို့ စီးပွားရေး အဖွဲ့အစည်းတွေကို ကိုယ်စားပြုတဲ့ လူတွေကော၊ နောက်ပြီးတော့ စီးပွားရေး လုပ်ငန်းရှင်တွေပါ စုစုပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ ဒီပွဲမှာတော့ အဓိက ကျွန်တော်တို့ ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကြားထဲမှာ ကုန်သွယ်မှုပိုင်းဆိုင်ရာ၊ နောက်ပြီးတော့ ရင်းနှီးမှုပိုင်းဆိုင်ရာတွေကို ဘယ်လိုပူးပေါင်းဆောင် ရွက်နိုင်မယ်၊ ဘယ်လိုတိုးမြှင့် ဆောင်ရွက်နိုင်မယ် ဆိုတာကို ကျွန်တော်တို့ အပြန်အလှန် ဆွေးနွေးခဲ့ပါတယ်။ ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့မှာလည်း ပြီးခဲ့တဲ့ မတ် ၆ ရက်က မြန်မာ-ဘယ်လာရုစ် Business Forum ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲမှာလည်း ဘယ်လာရုစ် နိုင်ငံဘက်ကနေပြီးတော့ စီးပွားရေးအဖွဲ့အစည်းတွေကို ကိုယ်စားပြုတဲ့သူတွေကော စီးပွားရေး လုပ်ငန်းရှင်တွေပါ စုစုပေါင်း ၁၅၀ ဝန်းကျင်လောက် တက်ရောက်ခဲ့ကြပါတယ်။ အဲဒီပွဲမှာလည်း အလားတူပါပဲ ဘယ်လာရုစ် နိုင်ငံနဲ့ မြန်မာနိုင်ငံကြားမှာ စီးပွားရေးလုပ်ငန်းတွေ ဘယ်လိုပူးပေါင်း ဆောင်ရွက်လို့ရနိုင်မလဲ၊ နောက်ကုန်သွယ်မှုတွေကို ဘယ်ဟာတွေက ကုန်သွယ်မှုပြုလုပ်နိုင်မလဲ၊ ဘယ်အပိုင်းတွေကိုတော့ ရင်းနှီးမြှုပ်နှံမှုတွေကို လုပ်နိုင်မလဲဆိုတဲ့အပိုင်းကို အပြန်အလှန် ဆွေးနွေးခဲ့ပါတယ်။ အလားတူပဲ ဘယ်လာရုစ်ဘက်နဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံကြားမှာ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်ဖို့အတွက် ကုန်သွယ်မှုနဲ့ တချို့ရင်းနှီးမြှုပ်နှံမှုတွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ MoU တွေလည်း ရေးထိုးနိုင်ခဲ့တာရှိပါတယ်။ အဓိကကတော့ ရုရှားနဲ့ကော ဘယ်လာရုစ်နဲ့ပါ ဆွေးနွေးတဲ့နေရာမှာ ကျွန်တော်တို့နိုင်ငံမှာ အဓိကပင်မ စီးပွားရေးကဏ္ဍက လေးရပ်ရှိတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်း၊ ဓာတ်သတ္တုနဲ့ သဘာဝသယံဇာတကဏ္ဍရှိမယ်။ နောက်တစ်ခုကတော့ ဝန်ဆောင်မှုကဏ္ဍလေးရပ်ရှိတယ်။ အဲဒီလေးရပ်အနက်မှာ အဓိကကဏ္ဍတွေဖြစ်တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းနဲ့ ကုန်ထုတ် လုပ်ငန်းမှာ ကျွန်တော်တို့ မြန်မာနိုင်ငံဘက်က နေပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အလား အလာတွေ၊ နောက်မြန်မာနိုင်ငံမှာ ဒီကဏ္ဍတွေမှာရှိတဲ့ အခွင့်အလမ်းတွေကို ကျွန်တော်တို့က ရှင်းလင်းဆွေးနွေးပြခဲ့တာရှိပါတယ်။ ဒီကဏ္ဍတွေမှာ ကျွန်တော်တို့က စိတ်ဝင်စားမှုတွေ အများအပြားရှိပါတယ်။ ပထမအဆင့်မှာတော့ ကုန်သွယ်မှု၊ အပြန်အလှန်ကုန်သွယ်မှုကို ကျွန်တော်တို့ကစတင်မှာ ဖြစ်ပြီးတော့ နောက်ပိုင်းမှာအပြန်အလှန်ရင်းနှီး မြှုပ်နှံမှုတွေကို တိုးမြှင့်ဆောင်ရွက်သွားမယ့်အလား အလာတွေ တွေ့ရှိရပါတယ်။

 

ဦးအောင်အောင်ဇော်

ဥက္ကဋ္ဌ(MAI လေကြောင်းလိုင်း)

ခရီးသွားတွေ များများရောက်ရှိရေးအတွက် ပရိုမိုးရှင်းသွားလုပ်တဲ့ပွဲပါ။ ခရီးသွားဆိုတာက ဥရောပသားတွေက ဒီအချိန်မှာလာဖို့သိပ်စိတ်မဝင်စားဘူး။ တကယ်လာချင်တာက ရုရှားတို့၊ အိန္ဒိယတို့၊ တရုတ်တို့ကပဲ မြန်မာပြည်ကိုလာချင်တာ။ နောက်တစ်ခုက ထားဝယ်ရေနက် ဆိပ်ကမ်းကို ရုရှားနဲ့လုပ်မယ်ဆိုတော့ ဒါနဲ့ပတ်သက်ပြီး Business Traveller တွေလည်း လာဖို့ရှိတဲ့အတွက် လေကြောင်းနဲ့ပတ်သက်ပြီး သွားရောက်ရှင်းလင်းတင်ပြရတာပါ။ ခရီး သွားအရေအတွက် အာမခံချက်ရမယ်ဆိုရင် လေကြောင်းတွေဘယ်လိုတိုးမြှင့်ပြီး ပြေးဆွဲမယ်။ ဒီလိုပြေးဆွဲတဲ့နေရာမှာ လက်ရှိလည်းနိုဗိုစီဗစ်ကို ပျံနေတယ်။ ခရီးသွားလာရေး ဆိုတာက မီးခိုးတိတ်စီးပွားရေးရှာတာ။ စက်ရုံ၊ အလုပ်ရုံတွေ လိုမဟုတ်ဘူး။ အသံတိတ်လေး ပိုက်ဆံဝင်တယ်။ ဟိုတယ်တွေ၊ စကားပြန်တွေ၊ ကျွန်တော်တို့ဘက်က လည်း ဝန်ဆောင်မှုအပြည့် လုပ်ပေးနိုင်တယ်ဆိုရင် ရုရှားတွေကလည်း ဒီကိုလာဖို့ စိတ်ဝင်စားတယ်။ အထူးသဖြင့် သူတို့ကကမ်းခြေကိုအလွန်ကြိုက်တယ်။ ထိုင်းကိုလည်း အတော်သွားကြတယ်။ ဖူးခက်တို့၊ ဗီယက်နမ်ကမ်းခြေတို့ကို သွားတဲ့အချိန်မှာ တိုက်ရိုက်သွားမယ့်အစား အာဆီယံဒေသရဲ့ Gateway တစ်ခုအဖြစ် မြန်မာပြည်ကိုအရင်လာလည်၊ မြန်မာပြည်က လည်ပတ်စရာတွေကို နှစ်ရက်၊ သုံးရက်လည်ပြီး ကျန်တဲ့ဒေသတွေကိုသွားပါ။ မြန်မာပြည်ကနေတစ်ဆင့် ပြန်မယ်ဆိုရင် Air Flight တွေနဲ့ အဆင်ပြေအောင် စီစဉ်ပေးပါမယ်ဆိုပြီး ကျွန်တော်တို့ကသွားပြီး ပရိုမိုးရှင်း လုပ်တာ။ ထိုင်းကို တစ်နှစ်တစ်နှစ်သွားနေတဲ့ ခရီးသွားတွေ သန်း ၃၀ လောက်နေရာမှာ ကျွန်တော်တို့နိုင်ငံကို ၅ ရာခိုင်နှုန်းလောက်ပဲလာ။ တစ်သန်းခွဲလောက်ပဲလာ၊ နှစ်သန်းလောက်ပဲလာဦး။ လူတစ်ယောက်က ဒေါ်လာ ၁၅၀၀ ၊ ၂၀၀၀ လောက်တော့ သုံးရမယ်။ လေယာဉ်လက်မှတ်ခ၊ ဟိုတယ်ခနဲ့ဆိုရင်ကို ကျွန်တော်တို့ တိုင်းပြည်မှာ US ဒေါ်လာ 3 to 5 ဘီလီယံလောက် ဝင်ငွေစီးဆင်းသွားမယ်။ အဲဒါနဲ့ဆက်စပ်ပြီး လုပ်ငန်းတွေရကြမယ်။ ဟိုတယ်မှာနေတဲ့သူတွေ လည်ပတ်သွားကြမယ်ဆိုရင် သူ့ရဲ့ဝင်ငွေကိုက 10 ဘီလီယံလောက် အထိ တက်သွားနိုင်တယ်။ ဒါဆိုရင် တိုင်းပြည်ရဲ့ စီးပွားရေးကိုလည်း အများကြီး အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့က ဒီခရီးသွားလုပ်ငန်းမှာ လူဦးရေများများရအောင်သွားပြီး ပရိုမိုးရှင်းလုပ်တဲ့ပွဲပါ။ ကျွန်တော်တို့ အခုပြောရတဲ့အထဲမှာ တော်တော်များများကတော့ အတော်စိတ်ဝင်စားကြတယ်။ အရင်တုန်းက မြန်မာပြည်ဘာလဲဆိုတာ သူတို့သိပ်မသိတဲ့သူတွေလည်းရှိကြတယ်။ ရောက်ဖူးတဲ့သူတွေပဲ သိကြတာ။ အဲဒီတော့ မြန်မာပြည်မှာဘယ်နေရာတွေက လည်လို့ကောင်းတယ်။ ငြိမ်းချမ်းမှု အခြေအနေလည်း ဘယ်လိုအနေအထားတွေရှိတယ်၊ ဘယ်နေရာတွေက သွားလို့ရတယ်။ မကြာခင်မှာ အားလုံးအဆင်ပြေပြေနဲ့သွားလို့ရပါမယ်။ အဲဒီလိုပြောခဲ့တော့ နှစ်နိုင်ငံလုံးက စိတ်အားထက်သန်စွာနဲ့ ဒီကိုလာချင်ကြတယ်။ တိုက်ရိုက် ပျံသန်းခွင့်ရရှိရေးတို့၊ ခရီးသည်တွေ သွားလာဖို့ လွယ်ကူဖို့အတွက်တော့ သူတို့တောင်းဆိုတာ ဘာသာပြန်တွေလုံလောက်ဖို့ရယ်၊ ဟိုတယ်အခန်း အရေအတွက် လုံလောက်မယ်ဆိုရင် သူတို့ရဲ့ Tour Package လာလေ့လာပြီးရင် စီစဉ်ပါမယ်။ ၂၀၂၅ ခုနှစ်ရာသီမှာလည်း မီသလောက်လာမယ်။ ၂၀၂၆- ၂၀၂၇ ကိုတော့ ခရီးသည်တွေအများကြီးလာဖို့ သူတို့ခရီးသွား ကုမ္ပဏီတွေဘက်ကလည်း အများ ကြီးစိတ်ဝင်စားတယ်။ နောက်တစ်ခုကအစိုးရ Government Traveller တွေရှိတယ်။ အစိုးရ အရာရှိ၊ မိသားစုဝင်တွေကို သူတို့အစိုးရတွေကပဲစီစဉ်ပေး တယ်။ အဲဒီလို ခရီးသွားတွေကို တခြားနိုင်ငံ လွှတ်မယ့်အစား ကျွန်တော်တို့ နှစ်နိုင်ငံချစ်ကြည်ရေး မြန်မာပြည်ကို လွှတ်လိုက်မယ် ဆိုရင်လည်း ဒီလူဦးရေက ပြည့်မီသွားနိုင်တာပေါ့။ အဲဒါမျိုးလေး ရရှိဖို့အတွက်သူတို့ဘက်က Ministry of Tourism တို့ ၊ Tourism Board တို့၊ ခရီးသွားအေဂျင်စီတို့နဲ့လည်း ကျွန်တော်တို့ ပြောဆိုညှိနှိုင်းနေတာရှိပါတယ်။ အဆင်ပြေသွားမယ်လို့ မျှော်လင့်ပါတယ်။ကျွန်တော် တို့တိုင်းပြည်ရဲ့ ကံကြမ္မာကလည်း ခုကစပြီး ရှေ့လျှောက်ပွင့်လင်းလာမယ်လို့ မျှော်လင့်ပါတယ်။ စီးပွားရေးတွေလည်း အများကြီးတိုးတက်အောင်မြင်လာလိမ့်လို့မျှော်လင့်ပါတယ်။ ဘာပဲပြောပြော Positive Thinking ကောင်းတာကိုလုပ်တာဖြစ်တဲ့အတွက် ကောင်းတာတွေ ဖြစ်လာမှာပါလို့ ယုံကြည်ပါတယ်။ မြန်မာပြည်ကြီး ဖွံ့ဖြိုးစည်ပင်တိုးတက် ပါစေလို့ဆန္ဒပြုပါတယ်။