တရားဝင် ကိုယ်ဝန်ဖျက်ချခြင်း

၃ နိုဝင်ဘာ

Therapeutic abortion သို့မဟုတ် legal abortion ဆိုတာဟာ ကိုယ်ဝန်ကို ဥပဒေနဲ့အညီ တရားဝင်ဖျက်ချခြင်းကို ဆိုလိုပါတယ်။ ဒီလို တရားဝင် ကိုယ်ဝန်ဖျက်ချခြင်းနဲ့ ပတ်သက်တဲ့ ဥပဒေတွေဟာ နိုင်ငံပေါ် မူတည်ပြီး မတူကွဲပြားကြပါတယ်။ အချို့သော နိုင်ငံတွေဟာ ဘယ်လိုမျိုးအကြောင်းပြချက်နဲ့မှ ကိုယ်ဝန်ဖျက်ချခွင့် မပေးထားဘဲ တချို့နိုင်ငံတွေကျပြန်တော့ ကိုယ်ဝန်ဆောင်မိခင်ရဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမျိုးမှာ ကိုယ်ဝန်ကို ရပ်ဆိုင်းခွင့် (ဖျက်ချခွင့်)ပေးထားပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ရဲ့ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ အကြောင်းပြချက်နဲ့တင် ကိုယ်ဝန်ဖျက်ချခွင့်ပြုတဲ့ နိုင်ငံတွေရှိသလို ဗိုက်ထဲက ကလေးမှာ မွေးရာပါ ချို့ယွင်းချက် ဆိုးဆိုးရွားရွား ရှိနေပြီဆိုရင်လည်း (ဆန္ဒရှိရင်) ကိုယ်ဝန်ဖျက်ချခွင့် ပေးတဲ့ နိုင်ငံတွေလည်း ရှိနေပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတို့ တရားဝင်ကိုယ်ဝန်ဖျက်ချခြင်းကို ခွင့်ပြုထားတဲ့ ဥပဒေမရှိတဲ့အတွက် အမေနဲ့ ကလေးအသက် တခုကိုပဲ လုယူခွင့်ရမယ့် အခြေအနေမျိုးမှာသာ ကိုယ်ဝန်ကို အဆုံးသတ်ခွင့် ရှိပါတယ်။ ဒီလို တရားဝင် ကိုယ်ဝန်ဖျက်ချခွင့် ပေးသင့်မပေးသင့်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေကတော့ တောက်လျှောက်ရှိနေဆဲ ဖြစ်ပါတယ်။

 

တရားဝင် ကိုယ်ဝန်ဖျက်ချခြင်း ဆိုတာဘာလဲ

 

အမျိုးသမီးတဦးရဲ့ ကိုယ်ဝန်ကို ရည်ရွယ်ချက်ရှိရှိနဲ့ အဆုံးသတ်ခြင်းကို တရားဝင် ကိုယ်ဝန်ဖျက်ချခြင်း လို့ခေါ်ပါတယ်။ ယေဘုယျအားဖြင့်တော့ ဆေးဝါးတွေရဲ့အကူအညီနဲ့ တရားဝင် ကိုယ်ဝန်ဖျက်ချခြင်းကို လုပ်ဆောင်ပါတယ်။ ဒီလို လုပ်ဆောင်တဲ့အခါ ကိုယ်ဝန်လနုတုန်း လုပ်ဆောင်ရမှာဖြစ်ပြီး ကိုယ်ဝန်ရှစ်ပတ်ခန့်အထိ ပြုလုပ်နိုင်ပါတယ်။

 

ဘယ်လိုအခြေအနေတွေမှာ တရားဝင် ကိုယ်ဝန်ဖျက်ချခြင်း ပြုလုပ်နိုင်ပါသလဲ

 

ကိုယ်ဝန်ဆောင်မိခင်ရဲ့ ရုပ်ပိုင်းဆိုင်ရာ/စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေမယ့် အခြေအနေမျိုး။

 

မိခင်ဗိုက်ထဲက သန္ဓေသားကို စစ်ဆေးချက်အရ ဆိုးရွားပြင်းထန်တဲ့ မွေးရာပါ ရောဂါ တခု သို့မဟုတ် တခုထက် ပိုပြီး ပါလာမယ့် အခြေအနေမျိုး တွေမှာ တရားဝင်ကိုယ်ဝန်ဖျက်ချခြင်း ပြုလုပ်နိုင်ပါတယ် (သက်ဆိုင်ရာ နိုင်ငံရဲ့ တရားဥပဒေနဲ့အညီပေါ့)။

 

ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်သလဲ

 

အရပ်လက်သည်နဲ့ ဖျက်ချတာမျိုး မဟုတ်ဘဲ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေရဲ့ အကူအညီကို ရယူပြီး ဆေးရုံမှာ တရားဝင် ပြုလုပ်တာ ဖြစ်တဲ့အတွက် ဘေးထွက်ဆိုးကျိုးအန္တရာယ်တွေ မရှိသလောက် ရှားပါးပါတယ်။ ဒါပေမယ့် အန္တရာယ်မရှိတဲ့ ဆေးကုသမှု၊ခွဲစိတ်မှုဆိုတာလည်း မရှိပါဘူး။ အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးပြဿနာလေးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

 

ကူးစက်ပိုးဝင်ခြင်း။

ဓါတ်မတည့်ပြဿနာများ ဖြစ်ပေါ်လာခြင်း။

အလွန်အကျွံသွေးဆင်းခြင်း။

မိခင်ဗိုက်ထဲမှာ သန္ဓေသားအပိုင်းအစ ကျန်ရှိခြင်း။

ဒီလို တရားဝင် ကိုယ်ဝန်ဖျက်ချရာမှာ ၅ – ၁၀ ရာခိုင်နှုန်း အထိ မအောင်မြင်တာမျိုး ရှိတတ်ပါတယ်။ ဒါမျိုး ဖြစ်လာပြီဆိုရင်တော့ ဆေးဝါးတွေ ထပ်မံသုံးစွဲရတာ ဒါမှမဟုတ် ခွဲစိတ်ကုသတာမျိုးတွေ ပြုလုပ်ဖို့ လိုအပ်ကောင်းလိုအပ်လာပါလိမ့်မယ်။ တရားဝင် ကိုယ်ဝန်ဖျက်ချတဲ့အခါ ကိုယ်ဝန်လနုလေ ကောင်းလေပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ဝန်လရင့်လာလေ ဘေးထွက်ဆိုးကျိုးအန္တရာယ်တွေ ပိုလာလေမို့ပဲ ဖြစ်ပါတယ်။

 

တရားဝင် ကိုယ်ဝန်ဖျက်ချခြင်းကို ဘယ်လိုဆောင်ရွက်သလဲ

 

ဦးစွာ သင့်ဆရာဝန်အနေနဲ့

 

သင့်ကိုယ်ဝန် ဘယ်နှပတ်ရှိပြီလဲဆိုတာကို စမ်းသပ်ပါလိမ့်မယ်။

ကိုယ်ဝန်ရှိကြောင်း သေချာစေဖို့အတွက် သွေး/ဆီး စတာတွေကို စစ်ဆေးပါမယ်။

ကိုယ်ဝန်ရက်သတ္တပတ်ပမာဏကို ပိုမိုသေချာစေဖို့အတွက် အာထရာဆောင်း ရိုက်ခိုင်းပါလိမ့်မယ်။

ဒီလုပ်ငန်းစဉ်မှာ ထုံဆေး၊မေ့ဆေးတွေ အသုံးပြုဖို့ မလိုအပ်ပါဘူး။ ဆရာဝန်က သင့်ကို ဆေးပေးပါလိမ့်မယ်။ ထိုးဆေး/သောက်ဆေး/မိန်းမကိုယ်အတွင်း ထည့်သွင်းရတဲ့ဆေး စသဖြင့် အမျိုးမျိုး ရှိပါတယ်။ နောက်ထပ် ၁ – ၃ ရက်အတွင်းမှာ ဆေးတမျိုး ထပ်ပေးပါလိမ့်မယ်။ နောက်ဆုံးမှာတော့ ကိုယ်ဝန်ဖျက်ချခြင်း အမှုကိစ္စ ပြီးမြောက်အောင်မြင်မှုရှိမရှိ သေချာစေဖို့အတွက် အာထရာဆောင်းတခါ ထပ်ရိုက်ပါလိမ့်မယ်။

 

တရားဝင် ကိုယ်ဝန်ဖျက်ချရင် နာမှာလား။ ဘာတွေ ထိခိုက်မှုရှိနိုင်သလဲ

 

သင့်အနေနဲ့

 

မူးခနဲ၊မိုက်ခနဲဖြစ်ခြင်း။

ပြင်းထန်စွာ ဗိုက်အောင့်ခြင်း။

ပျို့အန်မအီမသာဖြစ်ခြင်း။

အဖျားတက်ခြင်း၊ချမ်းတုန်ဖျားခြင်း စတာတွေကို ခံစားရနိုင်ပါတယ်။

သာမန် အကိုက်အခဲပျောက်ဆေး၊အဖျားကျဆေးတွေကို သုံးစွဲလိုက်ရင် အဆိုပါ ဝေဒနာတွေ သက်သာသွားမှာဖြစ်ပေမယ့် အက်စ်ပရင်ဆေးပြားတွေကိုတော့ ဆရာဝန်ရဲ့ ညွှန်ကြားချက်မရှိဘဲ မသုံးစွဲရပါဘူး။

 

တရားဝင် ကိုယ်ဝန်ဖျက်ချပြီးတဲ့အခါ ဘာတွေဆက်လုပ်ရမလဲ

 

ဗိုက်အောင့်ခြင်း၊သွေးဆင်းခြင်းတွေ ယာယီဆက်လက်ဖြစ်ပေါ်နိုင်ပါတယ်။

(ဆရာဝန်မှ အထူးတလည် ညွှန်ကြားခြင်းမရှိဘဲ) မိန်းမကိုယ်အတွင်း ဆေးကြောခြင်း၊ဆေးဝါးတမျိုးမျိုး ထည့်သွင်းခြင်းကို မပြုလုပ်ရပါဘူး။

ရေချိုးနိုင်ပါတယ်။

လိင်ဆက်ဆံခြင်းကို အနည်းဆုံးတပတ်လောက် ရှောင်ကျဉ်ရပါမယ်။

နှစ်ရက်၊သုံးရက်အကြာမှာ သင့်ကျန်းမာရေးအခြေအနေတွေ အကောင်းပကတိ ဖြစ်နေသင့်ပါပြီ။

ဆရာဝန်ပြန်ခေါ်တဲ့ ရက်ချိန်းအတိုင်း အတိအကျ သွားရပါမယ်။

ကိုယ်ဝန်ဖျက်ချခြင်းနဲ့အတူ ဟော်မုန်းအပြောင်းအလဲတွေလည်း ရှိလာနိုင်တာမို့ အပြစ်ရှိသလို ခံစားရခြင်း၊ဒေါသထွက်ခြင်း၊ဝမ်းနည်းပူဆွေးကြေကွဲခြင်း၊နောင်တရခြင်း စတဲ့ ခံစားမှုမျိုးစုံ ရောပြွမ်းနေနိုင်ပါတယ်။ ဒါကြောင့် တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေဆီမှာ နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်းကို ခံယူဖို့ ဆရာဝန်တွေက အကြံပြုလေ့ရှိပါတယ်။

ဒါတွေဟာ Therapeutic abortion လို့ခေါ်တဲ့ တရားဝင်ကိုယ်ဝန်ဖျက်ချခြင်းအကြောင်း သိကောင်းစရာလေးတွေပါ။ ကျွန်တော်တို့ နိုင်ငံမှာ ဒီဥပဒေမရှိသေးတဲ့အတွက် အရေးပေါ်သေရေးရှင်ရေး အခြေအနေကလွဲပြီး ကိုယ်ဝန်ကို မိမိသဘောနဲ့မိမိ ဖျက်ချခြင်း မပြုရပါဘူး။ ဒါပေမယ့် လိင်အသိပညာပေးအားနည်းလှတဲ့ ဒီနိုင်ငံမှာ မလိုလားအပ်တဲ့ ကိုယ်ဝန်ရရှိနှုန်း မြင့်မားနေရုံသာမက အရပ်လက်သည်နဲ့ဖြစ်ဖြစ်၊ကိုယ့်ဖာသာ ကြိတ်ပြီးတော့ပဲဖြစ်ဖြစ် ကိုယ်ဝန်ဖျက်ချလို့ ရေတိမ်နစ်ခဲ့ရသူတွေလည်း မနည်းပါဘူး။ ဒါကြောင့် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေရဲ့ အကူအညီကို ယူပြီး ဆေးရုံတွေမှာ တရားဝင် ဖျက်ချခွင့်ရှိမယ်ဆိုရင် အသေအပျောက်နှုန်းတွေ နည်းသွားမလားဆိုတာ စဉ်းစားစရာပါပဲ။ ဒါပေမယ့် ဒီဥပဒေ ပြဋ္ဌာန်းဖို့ဆိုတာလည်း စိန်ခေါ်မှုများစွာ ရှိနေပါသေးတယ်။ မိတ်ဆွေရဲ့ အမြင်ကရော ဘယ်လိုလဲ။ တရားဝင် ကိုယ်ဝန်ဖျက်ချခွင့်ကို ကျွန်တော်တို့နိုင်ငံမှာ ခွင့်ပြုသင့်သလား။

 

 

ရေးသားသူ -Dr. Thiha Phyo Myint

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”