တရုတ်-အာဆီယံ ယူ-၁၂ ပြိုင်ပွဲတွင် မြန်မာအသင်း တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထား

ရန်ကုန် ၃ သြဂုတ်

တရုတ်ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် တရုတ်-အာဆီယံ ယူ-၁၂ ဖိတ်ခေါ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းက တရုတ်နိုင်ငံ၌ ကျင်းပရာ မြန်မာအသင်းသည် တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။

မြန်မာ ယူ-၁၂ အသင်းသည် ပထမနေ့တွင် နှစ်ပွဲကစားခဲ့ရပြီး နံနက်ပိုင်းတစ်ပွဲ၊ ညနေပိုင်းတစ်ပွဲ ယှဉ်ပြိုင်ကစားခဲ့ရသည်။ မြန်မာအသင်းသည် ထိုင်းအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယပွဲတွင် ကမ္ဘောဒီးယားအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ 

မြန်မာအသင်းသည် တတိယပွဲအဖြစ် သြဂုတ် ၄ ရက်  မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင် ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် အုပ်စု (ခ) ၌ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။ မြန်မာ ယူ-၁၂ အသင်းသည် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) မှ ကစားသမားများဖြင့် ဖွဲ့စည်းထားပြီး အာဆီယံ ထိပ်သီးအသင်းများနှင့် တွေ့ဆုံနေသောကြောင့် အတွေ့အကြုံကောင်းများ ရရှိမည့်ပြိုင်ပွဲလည်းဖြစ်သည်။

အုပ်စုပွဲများမှာ သြဂုတ် ၅ ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ အမှတ်အများဆုံးရသည့် နှစ်သင်းစီမှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။

ရဲရင့်ရှိုင်း