တရုတ် iPhone သုံးစွဲသူတွေက Apple ထံ လုပ်ဆောင်ချက် နှေးကွေးမှုပြဿနာတွေ ဖြေရှင်းချက်တောင်းခံ

ရှန်ဟိုင်း ၁၆ ဇန်နဝါရီ


ယခင်ကထုတ်လုပ်ပြီးခဲ့သော iPhone မော်ဒယ်အနိမ့်တွေဟာ iOS အဆင့်မြှင့်တင်ပြီးနောက်ပိုင်းမှာ လုပ်ဆောင်နိုင်စွမ်း နှေးကွေးလာတဲ့ ပြဿနာတွေကြောင့် တရုတ်နိုင်ငံက iPhone သုံးစွဲသူတွေက Apple အနေနဲ့ သောကြာနေ့မတိုင်ခင် ဖြေရှင်းချက်ပေးဖို့ တောင်းခံလိုက်တယ်လို့ သိရပါတယ်။


iPhone မော်ဒယ်အနိမ့်တွေဟာ iOS 10.2.1 ကို ပြောင်းလဲ အဆင့်မြှင့်တင်ပြီးနောက် လုပ်ဆောင်နိုင်စွမ်း နှေးကွေးလာတာနဲ့ပတ်သက်ပြီး iPhone အသုံးပြုသူတွေရဲ့မေးခွန်း (Customer Feedback) တွေကို ဖြေရှင်းဖို့ ရှန်ဟိုင်းအခြေစိုက် စားသုံးသူရေးရာ ကောင်စီက မေးမြန်းခဲ့တာဖြစ်ပါတယ်။


အဆိုပါပြဿနာကို ဖြေရှင်းဖို့လုပ်ဆောင်ထားတဲ့ အစီအစဉ်တွေနဲ့ပတ်သက်လို့လည်း သတင်းအချက်အလက် ထုတ်ပြန်ဖြေရှင်းပေးဖို့ တနင်္လာနေ့မှာ ကောင်စီက Apple ထံ ရေးသားပေးပို့တဲ့ အကြောင်းကြားစာ တစ်စောင်မှာ ပါရှိပါတယ်။


ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဘက်ထရီပြဿနာကြောင့် တချို့ iPhone တွေမှာ software နှေးကွေးမှုတွေဖြစ်ပေါ်နိုင်ကြောင်း၊ အဆိုပါအခြေအနေအတွက် တောင်းပန်ကြောင်း ကယ်လီဖိုးနီးယား အခြေစိုက် Apple ကုမ္ပဏီက ထုတ်ပြန်ခဲ့ပြီး ဘက်ထရီအစားထိုးအသုံးပြုရမှုအတွက် ကုန်ကျစရိတ်ကို လျှော့ချပေးထားခဲ့ပါတယ်။ ဒါ့အပြင် ဖုန်းမှာ အသုံးပြုနေတဲ့ ဘက်ထရီကောင်းမကောင်း သိရှိနိုင်ဖို့  software ပိုင်း ပြောင်းလဲဖို့ အသုံးပြုသူတွေကို အကြံပြုပြောကြားခဲ့ပါတယ်။ ဒါကြောင့် အသုံးပြုသူတွေဟာ iOS 10.2.1 ကို ပြောင်းလဲ အဆင့်မြှင့်တင်ခဲ့ပြီး နောက်ပိုင်းမှာ ယခုလို ဖုန်းရဲ့ လုပ်ဆောင်နိုင်စွမ်း နှေးကွေးမှုပြဿနာတွေ တွေ့လာရတာ ဖြစ်ပါတယ်။


၂၀၁၇ ခုနှစ်မှာ Apple  ရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်လို့ အသုံးပြုသူတွေရဲ့ မေးခွန်း ၂၆၁၅ ခု ထိရှိခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်နဲ့ နှိုင်းယှဉ်ပါက ၁၆၀ဝ ကျော်တက်လာကြောင်း တရုတ်အာဏာပိုင်တွေ အသိအမှတ်ပြုထားသော အစိုးရအဖွဲ့အစည်းမဟုတ်တဲ့ ရှန်ဟိုင်းအခြေစိုက် စားသုံးသူရေးရာကောင်စီက ထုတ်ပြန်ထားပြီး အတည်ပြုထားပါတယ်။


ဘာသာပြန် > မိုးမမ

ကိုးကား > ရိုက်တာ