တရုတ် Sinopharm ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အသုံးပြုရန် အီဂျစ်အတည်ပြု

ကိုင်ရို၊ ၃ ဇန်နဝါရီ

 

အီဂျစ်အစိုးရသည် တရုတ်နိုင်ငံ၏ ဆေးဝါးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Sinopharm မှ တီထွင်ထုတ်လုပ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အသုံးပြုရန် အတည်ပြုခဲ့ပြီး ယခုလကုန်ပိုင်းတွင် ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို စတင်မည်ဖြစ်ကြောင်း အီဂျစ်ကျန်းမာရေးဝန်ကြီးက ယနေ့ပြောကြားသည်။

 

အီဂျစ်ဆေးဘက်အာဏာပိုင်အဖွဲ့သည် တရုတ် Sinopharm ဆေးဝါးကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကို ဇန်နဝါရီ ၂ ရက်တွင် အသုံးပြုရန် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း အီဂျစ်ကျန်းမာရေးဝန်ကြီး ဟာလာဇာယက်ဒ်က ဒေသဆိုင်ရာ ရုပ်သံလိုင်းတစ်ခုသို့ ပြောကြားသည်။

 

တရုတ်နိုင်ငံသည် ပထမအသုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယမန်နှစ် ဒီဇင်ဘာလက အီဂျစ်နိုင်ငံသို့ တင်ပို့ခဲ့ပြီး ဒုတိယအသုတ်ကို ဇန်နဝါရီ ဒုတိယအပတ် သို့မဟုတ် တတိယအပတ်တွင် အီဂျစ်နိုင်ငံသို့ ဆက်လက်တင်ပို့ပေးမည်ဖြစ်သည်။ ကာကွယ်ဆေး ရောက်ရောက်ချင်း အီဂျစ်နိုင်ငံတွင် ကာကွယ်ဆေးထိုးမှု စတင်မည်ဖြစ်ကြောင်း ဝန်ကြီးက ထပ်မံပြောကြားသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတင်ပို့မှု တစ်သုတ်ချင်းစီတွင် ကာကွယ်ဆေးအလုံးရေ ၅၀၀၀၀ ခန့်ပါရှိမည် ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများကို ပထမအုပ်စုအနေဖြင့် ဦးစားပေးထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာထားသည်။

 

ထို့အပြင် အီဂျစ်အစိုးရသည် Sinopharm ကုမ္ပဏီထုတ် ကာကွယ်ဆေးအလုံးရေ သန်း ၄၀ ခန့်ဝယ်ယူရန် စီစဉ် ထားကြောင်း ကျန်းမာရေးဝန်ကြီးက ပြောကြားသည်။ လက်ရှိအချိန်အထိ လူဦးရေ သန်း ၁၀၀ ခန့် နေထိုင်သည့် အီဂျစ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၄၀၀၀၀ ကျော်ရှိပြီး ၎င်းတို့အနက်လူနာ ၇၈၀၀ သည် ရောဂါကြောင့် သေဆုံးခဲ့ကြောင်း နောက်ဆုံးရရှိသည့် တရားဝင်ကိန်းဂဏန်းများအရ သိရသည်။

 

တရုတ်နိုင်ငံအတွင်း ဖြန့်ဖြူးမည့် Sinopharm ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအနက် ကာကွယ်ဆေးတစ်မျိုးသည် ၇၈ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း Sinopharm ဆေးဝါးကုမ္ပဏီက ၂၀၂၀ ဒီဇင်ဘာ ၃၀ ရက်တွင် ကြေညာခဲ့သည်။

 

အီဂျစ်နိုင်ငံသည် Sinopharm ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပြင် AstraZeneca/ Oxford ဆေးဝါးကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေးကိုလည်း ဇန်နဝါရီ တတိယပတ် သို့မဟုတ် စတုတ္ထအပတ်တွင် လက်ခံရရှိမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။ ထို့အပြင် အီဂျစ်အစိုးရသည် Pfizer ဆေးဝါးကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေးကိုလည်း ဝယ်ယူရန် ကုမ္ပဏီနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း သူမက ထပ်လောင်းပြောကြားသည်။

 

ကိုးကား - အေအက်ဖ်ပီ

ဘာသာပြန် - ဂျေတီ