တရုတ် (တိုင်ပေ) ရွေးကောက်ပွဲ ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည်

တရုတ်(တိုင်ပေ) ၅ ဇန်နဝါရီ

 

တရုတ်(တိုင်ပေ) ရွေးကောက်ပွဲကို ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည်ဖြစ်ရာ အမတ်လောင်းများက ထောက်ခံမဲများ ရရှိရေးအတွက် မဲဆွယ်စည်းရုံးမှုများကို အားသွန်ခွန်စိုက် လုပ်ဆောင်လျက်ရှိသည်။

 

ရွေးကောက်ပွဲတွင် အဓိကယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် နှစ်ဦးသည် လက်ရှိသမ္မတ တိုင်အင်ဝမ်နှင့် အတိုက်အခံ အမျိုးသားရေးပါတီမှ ကာအိုဆင်းမြို့တော်ဝန်ဟောင်း ဟန်ကူအိုယုတို့ ဖြစ်သည်။

 

လွတ်လပ်မှု၏ အနှစ်သာရ

 

တရုတ်နိုင်ငံသည် တရုတ်(တိုင်ပေ)၏ နိုင်ငံရေးအခြေအနေများကို ပြင်းထန်စွာ ဝေဖန်ရှုတ်ချသည့်အပြင် ကာကွယ်ရေး အင်အားသုံးပြီး ထိကပါးရိကပါးလုပ်ကာ ခြိမ်းခြောက်လျက်ရှိသည်။ သို့သော် ၎င်းအနေဖြင့် မည်သည့်လက်တုံ့ပြန် မှုကိုမျှ ပြန်လည်လုပ်ဆောင်ခြင်း မရှိပါကြောင်း သမ္မတ တိုင်အင်ဝမ်က ယန်လင်းစီရင်စုတွင် မဲဆွယ်စည်းရုံးစဉ် ထည့်သွင်း ပြောကြားခဲ့သည်။ ထို့ပြင် တရုတ် (တိုင်ပေ) အနေဖြင့် နိုင်ငံ၏အချုပ်အခြာအာဏာ ကျရှုံးမည်ဆိုပါက ဒီမိုကရေစီစနစ်ကျင့်သုံးရန်နှင့် လွတ်လပ်မှု၏ အနှစ်သာရ များကို ကာကွယ်စောင့်ရှောက်နိုင်မည် မဟုတ်ကြောင်း သမ္မတ တိုင်အင်ဝမ်ကဆိုသည်။

 

သို့သော် အတိုက်အခံအမျိုးသားရေးပါတီမှ ကာအို ဆင်းမြို့တော်ဝန်ဟောင်း ဟန်ကူအိုယုက တရုတ် (တိုင်ပေ)အနေဖြင့် ပေကျင်းနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်ရန် ကြိုးပမ်းရမည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှသာ နိုင်ငံ၏အနာဂတ် တိုးတက်ကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း တာအိုယွန်မြို့၌ မဲဆွယ်စည်းရုံးစဉ် ပြောကြားခဲ့သည်။

 

နောက်ဆုံးဆန္ဒမဲရလဒ်များအရ လက်ရှိသမ္မတ တိုင်အင်ဝမ်အား ထောက်ခံသည့် ပြည်သူအရေအတွက် ပိုမိုများပြားလျက်ရှိသည်။

 

ဟောင်ကောင်၌ ဒီမိုကရေစီအရေးဆန္ဒထုတ်ဖော် မှုများသည် သမ္မတတိုင်အင်ဝမ်အတွက် အားသာချက် တစ်ခုဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် ဟောင်ကောင်ကို တစ်နိုင်ငံမူဝါဒနှစ်ခု စည်းမျဉ်းဖြင့် အတိုင်းအတာတစ်ခု အထိ အုပ်ချုပ်ရေးတွင် ကြိုးကိုင်လျက်ရှိသည်ဟု ဝေဖန်ရေး သမားအချို့က ဆိုသည်။ ဟောင်ကောင်ပြည်သူများကလည်း ၎င်းတို့၏ လွတ်လပ်မှုနှင့် ဒီမိုကရေစီတန်ဖိုးများ ပေကျင်း၏ လွှမ်းမိုးမှုအောက်သို့ ရောက်ရှိသွားမည်ကို စိုးရွံ့လျက်ရှိသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-အောင်ကျော်ကျော်