တရုတ်အစိုးရပိုင် CGTN ရဲ့ သတင်းထောက်ကို အမေရိကန် လွှတ်တော်မှာ သတင်းယူခွင့် ငြင်းပယ်

နယူးယောက်  ၃  ဇွန်

 

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြားက ကုန်သွယ်ရေးစစ်၊ နည်းပညာစစ်ပွဲတွေအပြီး မီဒီယာမှာ အငြင်းပွားမှုဟာ နောက်ဆုံး ဖြစ်လာတဲ့ ပဋိပက္ခဖြစ်လာပါတယ်။ 

 

တရုတ်အစိုးရပိုင် ရုပ်မြင်သံကြားဌာန CGTN ရဲ့ သတင်းထောက်ကို အမေရိကန်လွှတ်တော်တွေမှာ သတင်းယူခွင့် ကတ်သက်တမ်းတိုးခြင်းကို ရေဒီယိုရုပ်မြင်သံကြား သတင်းထောက်များ အသင်း RTCA က ငြင်းပယ်လိုက်ကြောင်း သိရပါတယ်။ 

 

တရုတ်အစိုးရပိုင် ရုပ်မြင်သံကြားဌာန CGTN ကို နိုင်ငံခြားကိုယ်စားလှယ်မှတ်ပုံတင်ခွင့် ဥပဒေ FARA အရ သက်တမ်းတိုးခြင်းကို ငြင်းပယ်လိုက်တာဖြစ်ကြောင်း RTCA အသင်းရဲ့ ဥက္ကဋ္ဌ ပေါ အော်ဂဲက ပြောပါတယ်။ 

 

FARA ဥပဒေဟာ ၁၉၃၈ ခုနှစ်က အမေရိကန်ပြည်ထောင်စု အစိုးရကနေ နိုင်ငံခြားဝါဒ ဖြန့်ချိရေးနဲ့ လော်ဘီလုပ်ရှားမှုများကို စောင့်ကြည့်ရေးအတွက် ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။ RTCA အသင်းက မှတ်ပုံတင် လျှောက်လွှာရှင်တိုင်းကို FARA ဥပဒေအရ မှတ်ပုံတင်ပြီးသားလားဆိုတာ မေးလေ့ရှိပါတယ်။ 

 

တရုတ်အစိုးရပိုင် ရုပ်မြင်သံကြားဌာန CGTN ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီက နိုင်ငံခြားအစိုးရတစ်ခုရဲ့ လွှမ်းမိုးမှုရှိတဲ့ အကြောင်း တရားရေးဌာနက ပြောဆိုလာခဲ့ပါတယ်။ ဒီကိစ္စဟာ ဝါရှင်တန်နဲ့ ဘေကျင်းကြားက တင်းမာမှုတွေရဲ့ ရလာဒ်မျိုးဖြစ်တယ်လို့ South China Morning Post က ရေးသားထားပါတယ်။ 

 

တရုတ်အစိုးရပိုင် ရုပ်မြင်သံကြားဌာန CGTN ရဲ့ သတင်းထောက်ဝင်ခွင့်ကို ငြင်းပယ်ခံရပေမယ့် Xinhua သတင်းဌာနကတော့ လွှတ်တော်ကို ဝင်ရောက်သတင်းယူခွင့် ရှိနေသေးကြောင်း သိရပါတယ်။ 

 

MDN

 

ကိုးကား -South China Morning Post