တရုတ်ကင်းလှည့်ရေယာဉ်များ ဂျပန်ရေပိုင်နက်အတွင်း ဝင်ရောက်လာ

၃၀ ဒီဇင်ဘာ

 

တရုတ်ကင်းလှည့်ရေယာဉ် လေးစင်းသည် အရှေ့တရုတ်ပင်လယ်ရှိ စန်ကာကူကျွန်းများအနီး ဂျပန်ရေပိုင်နက်အတွင်း ယနေ့မနက်တွင်  ဝင်ရောက်လာသည်ဟု ဂျပန်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့က ဆိုသည်။ ၎င်းတို့သည် ပြန်လည်ထွက်ခွာခြင်းမပြုမီ မိနစ် ၉၀ ကြာ တည်ရှိနေခဲ့ကြကြောင်း ဖော်ပြထားသည်။

 

ထိုရေယာဉ်လေးစင်းသည် မနက် ၁၁ နာရီ မထိုးမီ ကူဘာရှီးမာကျွန်းအနီး ပင်လယ်ထဲသို့ စတင်ဝင်ရောက်လာသည်ဟု ကမ်းခြေစောင့်တပ်ဖွဲ့တာဝန်ရှိသူများက ဆိုသည်။ ထိုအခြေအနေကို စောင့်ကြည့်ရန် အစိုးရက ဝန်ကြီးချုပ်၏ရုံးခန်းတွင် အထူးတာဝန်တပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားသည်။

 

အဆိုပါရေယာဉ်များသည် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ပြန်လည်ထွက်ခွာသွားကြပြီး ထိုနေရာအနီးတစ်ဝိုက်တွင် ရေကြောင်းသွားလာနေကြသည်။

 

ကမ်းခြေစောင့်တပ်ဖွဲ့က ဂျပန်ရေပိုင်နက်များသို့ ချဉ်းကပ်ခြင်းမပြုကြရန် ၎င်းရေယာဉ်များကို သတိပေးပြောကြားထားသည်။

 

စန်ကာကူကျွန်းများအနီး ဂျပန်ရေပိုင်နက်သို့ တရုတ်ကင်းလှည့်ရေယာဉ်များ ဝင်ရောက်မှုမှာ ယခုနှစ်အတွင်း  ၃၂ ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း နှင့် ယခင်ကျူးကျော်မှုမှာ ပြီးခဲ့သည့် ၁၇ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

 

ထိုကျွန်းများကို ဂျပန်နိုင်ငံက ထိန်းချုပ်ထားသည်။၎င်းကျွန်းများသည် ဂျပန်နိုင်ငံ၏ ပိုင်နက်အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း အစိုးရက ပြောကြားခဲ့သည်။ ယင်းကျွန်းများကို တရုတ်နှင့်ထိုင်ဝမ် တို့က ရသင့်သည်ဟုဆိုကာ တောင်းဆိုထားသည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို