တရုတ်ကုမ္ပဏီတစ်ခုတွင် Google ဝင်ရောက် ရင်းနှီးမြှုပ်နှံ

ဘေဂျင်း ၅ ဇန်နဝါရီ

 

Google ဟာ တရုတ်နိုင်ငံ  မိုလ်ဘိုင်းဂိမ်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ Chushou မှာ ဒေါ်လာ သန်း ၁၂၀ ဝင်ရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုက်ပါတယ်။ Google ဟာ အမေရိကန် နည်းပညာကုမ္ပဏီအနေနဲ့ တရုတ်နိုင်ငံမှာ ဈေးကွက်တိုးချဲ့နိုင်ဖို့ ကြိုးစားနေပြီး Google ရဲ့ နည်းပညာ အစိတ်အပိုင်းအချို့ဟာလည်း တရုတ်နိုင်ငံမှာ တားမြစ်ပိတ်ပင်ခံထားရပါတယ်။ ၂၀၁၂ ခုနှစ်က တရုတ်အာဏာပိုင်များက ဆင်ဆာဖြတ်တောက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ခုလို ရင်းနှီးမြှုပ်နှံမှုဟာ Google ရဲ့ ဒုတိယအကြိမ် ကြိုးစားလာမှု တစ်ခုပါပဲ။

 

Chushou ဟာလည်း ၂၀၁၅ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး တရုတ်နိုင်ငံတွင်း မိုလ်ဘိုင်းဖုန်းအသုံးပြုပြီး အွန်လိုင်းပေါ်မှာ တိုက်ရိုက်ချိတ်ဆက် ဂိမ်းကစားသူတွေကို  ဝန်ဆောင်မှုပေးနေတဲ့ နည်းပညာကုမ္ပဏီ တစ်ခုဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ မိုလ်ဘိုင်းဂိမ်း ဝန်ဆောင်မှုကို အသုံးပြုနေသူဟာ အကြမ်းဖျင်းအားဖြင့် ရှစ်သန်းနီးပါးရှိနေပြီး နေ့စဉ်အသုံး ပြုသူ နှစ်သိန်းခွဲထိ ရှိနေတယ်လို့ ဇန်နဝါရီ ၅ ရက်က ကုမ္ပဏီရဲ့ ထုတ်ပြန်ချက် တစ်ခုအရ သိရပါတယ်။ ၎င်းရဲ့ ဝန်ဆောင်မှုတွေကို ပြည်ပနိုင်ငံအထိ ချဲ့ထွင်နိုင်ဖို့ Google က ကူညီနိုင်လိမ့်မယ်လို့လည်း ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

 

Chushou ကုမ္ပဏီဘက်ကတော့ Google ရဲ့ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးကို ထုတ်ဖော် ပြောကြား ခြင်းတော့ မရှိသေးပါဘူး။

 

MDN 

ကိုးကား - ရိုက်တာ