ဟနွိုင်း ဖေဖော်ဝါရီ ၂၃
ဗီယက်နမ်နိုင်ငံသည် ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၂ ရက်အထိ ကိုးရက်ကြာ တရုတ်နှစ်သစ်ကူး အားလပ်ရက်အတွင်း ခရီးသည် ၁၄ သန်းခန့် လာရောက်လည်ပတ်မှုကို ကြိုဆိုလျက်ရှိကြောင်း သိရသည်။ အဆိုပါအရေအတွက်မှာ ယမန်နှစ်ကထက် ၁၂ ရာခိုင်နှုန်း တိုးလာကြောင်း ဗီယက်နမ်သတင်း အေဂျင်စီက ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။
ဟိုချီမင်းမြို့၏ တောင်ဘက် အချက်အချာတွင် ခရီးသည် ၄ ဒသမ ၃၂ သန်းခန့်ဖြင့် လာရောက်လည်ပတ်မှုအရေအတွက် အများဆုံးဖြစ်ရာ ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ဗီယက်နမ်ဒေါင် ၁၂၁၅၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၆၈ သန်းခန့်) ရရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဗီယက်နမ် မီးရထားလုပ်ငန်းက အဆိုပါအားလပ်ရက်အတွင်း ခရီးသွားလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် မီးရထားဝန်ဆောင်မှု ၁၉၀၀ ခန့် လုပ်ငန်းလည်ပတ်ပေးနိုင်ခဲ့ကြောင်း ဗီယက်နမ်ရုပ်မြင်သံကြားက ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်လွှင့်ခဲ့သည်။
ခရီးသည်အရေအတွက်အများဆုံး ဆွဲဆောင်နိုင်သည့် အခြားနေရာများမှာ မြို့တော် ဟနွိုင်းအပါအဝင် မြောက်ပိုင်းပြည်နယ်များဖြစ်သည့် Ninh Binh နှင့် Quang Ninh၊ အလယ်ပိုင်း ဒါနန်မြို့နှင့် တောင်ပိုင်း အန်ဂိုင်ပြည်နယ်တို့ဖြစ်ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံသည် ၂၀၂၆ ခုနှစ်အတွင်း ပြည်ပခရီးသည် လာရောက်မှု ၂၅ သန်းနှင့် ပြည်တွင်းလည်ပတ်သူ သန်း ၁၅၀ ရရှိရန် ရည်မှန်းထားကြောင်း သိရသည်။
ဆင်ဟွာ


