တရုတ်နိုင်ငံ တီယန်ကျင်းမြို့ရှိ Daqiaodao Food ကုမ္ပဏီ၏ ရေခဲမုန့်များတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိ

ပေကျင်း ၁၈ ဇန်နဝါရီ

တရုတ်နိုင်ငံ တီယန်ကျင်းမြို့ရှိ Daqiaodao Food ကုမ္ပဏီ၏ ရေခဲမုန့်များတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။

အဆိုပါကုမ္ပဏီ၏ ရေခဲမုန့်အထုပ်များတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် Daqiaodao Food ကုမ္ပဏီကို ယာယီပိတ်သိမ်းထားပြီး ၎င်း၏ ဝန်ထမ်းများအား ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ သို့သော် ရေခဲမုန့်များမှ ဗိုင်းရပ်စ်ကူးစက်ခံရသူများကို ယခုအချိန်အထိ မတွေ့ရှိရသေးကြောင်း တီယန်ကျင်းမြို့ အစိုးရ၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါကုမ္ပဏီ၏ ရေခဲမုန့်များထုပ်ပိုးထားသည့် စက္ကူသေတ္တာ ၂၉၀ဝ၀ အနက် ၃၉၀ ခန့်ကိုသာ ရောင်းချပြီးဖြစ်ကြောင်းနှင့် ရေခဲမုန့်ဝယ်ယူသူများအား ရောဂါပိုးကူးစက်ခံရခြင်း ရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်ရန် အာဏာပိုင်များက လိုက်လံစုံစမ်းလျက်ရှိသည်။

ယင်းရေခဲမုန့်များတွင် နယူးဇီလန်ထုတ်နို့မှုန့်နှင့် ယူကရိန်းနိုင်ငံထုတ် ဒိန်မှုန့်တို့ပါဝင်ကြောင်း အာဏာပိုင်များက ပြောသည်။ ယနေ့တစ်ရက်တာအတွင်း တရုတ်နိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ  ၁၀၉ ဦး ထပ်မံတွေ့ရှိခဲ့သည်။

ယင်းသို့ ဗိုင်းရပ်စ်ကူးစက်မှုများ ပြန်လည်မြင့်တက်လာခဲ့ခြင်းမှာ ခရီးသွားများနှင့် နိုင်ငံခြားမှ တင်ပို့သော ကုန်ပစ္စည်းများကြောင့် ဖြစ်သည်ဟု ကျန်းမာရေးကော်မရှင်က ယနေ့ပြောကြားခဲ့သည်။

ကိုးကား- စီအင်န်အေ၊ ဘာသာပြန်- အောင်ကျော်ကျော်