တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ်၌ လူတစ်ဦးက ဓားဖြင့်တိုက်ခိုက်၊ မူလတန်းကျောင်းသား ရှစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

ပေကျင်း ၃ စက်တင်ဘာ  

 

တရုတ်နိုင်ငံအလယ်ပိုင်းဒေသတွင် ဓားကိုင်ဆောင်ထားသည့် လူတစ်ဦး၏    တိုက်ခိုက်မှုကြောင့်   မူလတန်း ကျောင်းသားရှစ်ဦး သေဆုံးပြီး  အခြားနှစ်ဦးဒဏ်ရာ  ရရှိခဲ့ကြောင်း  အင်န်အိတ်ချ်ကေ  သတင်းတွင် ဖော်ပြသည်။

 

ဟူဘေးပြည်နယ်  အန်ရှီးမြို့တွင် အဆိုပါတိုက်ခိုက်မှုသည် စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများ၌ သတင်းဖော်ပြပြီး ယင်းနေ့မှာ ပြည်နယ်အတွင်းရှိ စာသင်ကျောင်းများ၏ စာသင်နှစ် ပထမဆုံးနေ့ဖြစ်သည်ဟု ဆိုသည်။

 

ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ သံသယရှိသည့်အသက်  ၄၀  အရွယ်   အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းတွင် ဖော်ပြသည်။

 

အဆိုပါ   တိုက်ခိုက်မှုကို   ကျူးလွန်ခဲ့သည်ဟူသော သံသယရှိမှုဖြင့် ဖမ်းဆီးစစ်ဆေးခံရသူမှာ  ယမန်နှစ အတွင်းက အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သူတစ်ဦးဖြစ်ပြီး လူသတ်ရန် ကြိုးပမ်းမှုဖြင့် ထောင်ဒဏ်ကျ ခံခဲ့ရသူ တစ်ဦးဖြစ်သည်။

 

ယင်းသို့ မူလတန်းအရွယ် ကျောင်းသားလေးများကို တိုက်ခိုက်မှုမဖြစ်ပွားမီတွင်  တရုတ်နိုင်ငံအတွင်း၌ ယခုနှစ်ဇန်နဝါရီလအတွင်းက မြို့တော် ပေကျင်းတွင်  လူတစ်ဦးက   မူလတန်း  ကျောင်းသားလေးများကို တူဖြင့်ထုနှက်တိုက်ခိုက်မှု    တစ်ခုဖြစ်ပွားခဲ့ပြီး      ကလေးငယ်  ၂၀  ခန့်ထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားခဲ့သည်။

 

၂၀၁၈  ခုနှစ်  ဧပြီလအတွင်းက    ရှန်ဆီးပြည်နယ်ယူလင်မြို့တွင် အလယ်တန်းအဆင့်ကျောင်းသား ကိုးဦးမှာ ဓားဖြင့်ထိုးသည့် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသည်။ သေဆုံးရသူကျောင်းသားများသည်  စာသင်ကျောင်းမှနေအိမ်သို့ အပြန်လမ်းတွင် ဓားထိုးခံရပြီး သေဆုံးခဲ့ရခြင်း ဖြစ်သည်။

 

ကိုးကား-အင်န်အိတ်ချ်
ကေဘာသာပြန် -အောင်ကျော်ကျော်