တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကျောက်မီးသွေးမိုင်း ဓာတ်ငွေ့ယိုစိမ့်မှုတွင် မိုင်းလုပ်သား ၁၈ ဦး သေဆုံး

ဘေဂျင်း ၊  ၅  ဒီဇင်ဘာ

 

တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ကျောက်မီးသွေးမိုင်းတစ်ခု၌ ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့ယိုစိမ့်မှု တစ်ခု ဖြစ်ပွားခဲ့ရာ ယနေ့ မိုင်းလုပ်သား ၁၈ ဦး သေဆုံးခဲ့ပြီး မြေအောက်၌ပိတ်မိနေသူ ငါးဦးအား ကယ်ဆယ်ရန် ကြိုးပမ်းနေကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။

 

ယမန်နေ့က ချုံကျင်းမြို့တော်ရှိ တိုင်ရွှေတုန် ကျောက်မီးသွေးမိုင်း၌ ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားခဲ့ရာ မိုင်း လုပ်သား ၂၄ ဦး မြေအောက်၌ ပိတ်မိသွားခဲ့ကြောင်း စီစီတီဗွီရုပ်သံဌာနက ဖော်ပြသည်။

         

ယနေ့နံနက်ပိုင်းတွင် အသက်ရှင်သူတစ်ဦးနှင့် သေဆုံးသူ ၁၈ ဦးကို တွေ့ရှိခဲ့ကြောင်း အဆိုပါရုပ်သံဌာနက ဒေသန္တရ အရေးပေါ်ကယ်ဆယ်ရေးကွပ်ကဲမှုဌာနအား ကိုးကား၍ ပြောကြားသည်။

         

အလုပ်သမားများက မြေအောက် သတ္ထုတူးဖော်ရေးကိရိယာများကို ဖြုတ်သိမ်းနေစဉ် ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောက်မီးသွေးမိုင်းကို ပြီးခဲ့သည့်နှစ်လက ပိတ်ထားခဲ့ကြောင်း စီစီတီဗွီရုပ်သံဌာနက ဆို သည်။

         

စုံစမ်းစစ်ဆေးရေးမှူးများက အခင်းဖြစ်ပွားရသည့်အကြောင်းရင်းကို ဖော်ထုတ်ရန် လုပ်ဆောင်နေကြောင်း၊ ၂၀၁၃ ခုနှစ်ကလည်း အဆိုပါကျောက်မီးသွေးမိုင်း၌ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူသုံးဦး သေဆုံးခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

         

တရုတ်နိုင်ငံ၌ သတ္ထုမိုင်းများ၌ မတော်တဆဖြစ်ရပ်များ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း ချုံကျင်းမြို့ ဆင်ခြေဖုံးဒေသရှိ သတ္တုမိုင်းတစ်ခု၌ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အလုပ်သမား ၁၆ ဦး သေဆုံးခဲ့သည်။

 

ကိုးကား-AFP