တရုတ်နိုင်ငံအရှေ့ပိုင်း၌ လေဆင်နှာမောင်းတိုက်မှုကြောင့် ငါးဦးသေဆုံး၊ အခြားလေးဦးပြင်းထန်စွာဒဏ်ရာရရှိ

စက်တင်ဘာ ၂၀

တရုတ်နိုင်ငံအရှေ့ပိုင်း Jiangsu ပြည်နယ်ရှိ မြို့နယ်နှစ်ခုတွင် လေဆင်နှာမောင်းတိုက်မှုဖြစ်ပွားသဖြင့် ငါးဦးသေဆုံးပြီး အခြားလေးဦး ဒဏ်ရာပြင်းထန်စွာရရှိကြောင်း ဒေသတွင်းအာဏာပိုင်များက ယနေ့တွင် ပြောသည်။

အဆိုပါမတော်တဆမှုသည် Suqian မြို့ Daxing နှင့် Nancai မြို့နယ်တို့တွင် ညနေ ၅ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကနဦးစုံစမ်းစစ်ဆေးချက်အရ လေဘေးသင့်သူ ၅၅၁၂ ဦးရှိကာ အိမ်ထောင်စု ၁၆၄၆ စု၏နေအိမ်များ ပျက်စီးခဲ့ပြီး အိမ်ထောင်စု ၁၃၇ စု၏နေအိမ်များ ပြိုကျခဲ့သည်ဟု သိရသည်။

ထိုလေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် သီးနှံစိုက်မြေ ၄၁ ဒသမ ၈ ဟက်တာ ပျက်စီးခဲ့ပြီး ဘေးကင်းလုံခြုံမှုရှိသောနေရာများသို့ ယာယီပြောင်းရွှေ့နေထိုင်သူ ၄၀၅ ဦး ရှိကြောင်း Suqian မြို့ အရေးပေါ်စီမံခန့်ခွဲရေးဌာနက ပြောသည်။

ဒေသတွင်းအစိုးရဌာနများသည် လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်ပွားနေရာသို့ သွားရောက်ကူညီလုပ်ဆောင်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို